စက်တင်ဘာ ၇၊ ကရာကက်စ်
ဗင်နီဇွဲလားနိုင်ငံ အနောက်မြောက်ပိုင်း ဖယ်ကွန်ပြည်နယ်ရှိ ရေနံသန့်စင်ရေးစက်ရုံနှစ်ရုံအနီးတွင် အမေရိကန်နိုင်ငံ၏ သူလျှိုတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ဗင်နီဇွဲလားသမ္မတ မာဒူရိုက ပြောသည်။ ပြီးခဲ့ သည့်ကြာသပတေးနေ့က အမူအေနှင့် ကာဒွန် ရေနံသန့်စင်ရေးစက်ရုံများအနီးတွင် လက်နက်များနှင့် ငွေသားအများအပြား ကိုင်ဆောင်ထားသည့် အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ရုပ်သံမှတစ်ဆင့် မိန့်ခွန်းပြောရာတွင် မာဒူရိုက ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါအမျိုးသားမှာ အီရတ်နိုင်ငံရှိ CIA အခြေစိုက်စခန်းများတွင် မရိန်းတပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်ဟု မာဒူရိုက ဆိုသည်။ သို့သော် အသေးစိတ်အချက်အလက်များကို ပြောကြားခဲ့ခြင်းမရှိပေ။ မကြာသေးမီကလည်း ဗင်နီဇွဲလားနိုင်ငံမြောက်ပိုင်း ကာရာဘိုဘိုပြည်နယ်ရှိ အယ်ပါလီတို ရေနံသန့်စင်ရေးစက်ရုံကို ဖောက်ခွဲမှုလုပ်မည့် အစီအစဉ်ကို ဗင်နီဇွဲလားနိုင်ငံ အာဏာပိုင်များက တားဆီးနိုင်ခဲ့ကြောင်း မာဒူရိုက ပြောသည်။ ပြီးခဲ့သည့်လက သမ္မတမာဒူရိုကို ဖြုတ်ချရန် ကြိုးပမ်းခဲ့သည်ဆိုသော အမေရိကန်စစ်သည်ဟောင်း ၂ ဦးကို ဗင်နီဇွဲလားနိုင်ငံ တရားရုံးက ထောင်ဒဏ်နှစ် ၂၀ စီ ချမှတ်ခဲ့သည်။
Ref:BBC(KNT)