စက်တင်ဘာ ၁၁၊ အေသင်
လူအပြည့်အသိပ် ဖြစ်နေသည့် ခိုလှုံရေးစခန်း မီးလောင်ပျက်စီးခဲ့ပြီးနောက် လက်စ်ဘို့စ်ကျွန်းတွင် လမ်းဘေး၌ အိပ်စက်နေသည့် ရွှေ့ပြောင်းနေထိုင်သူ ထောင်ပေါင်းများစွာ ခိုလှုံစရာ ရရှိရန်အတွက် ဂရိအစိုးရက သင်္ဘောသုံးစင်း စေလွှတ်ပေးခဲ့သည်။ ရွှေ့ပြောင်းနေထိုင်သူ ၁၃၀၀၀ နီးပါး နေထိုင်သည့် မိုရီယာခိုလှုံရေးစခန်း မီးလောင်၍ ထွက်ပြေးခဲ့ရပြီးနောက် ရွှေ့ပြောင်းနေထိုင်သူမိသားစုများမှာ လမ်းများ၊ လယ်ကွင်းများ၊ ကားပါကင်များတွင် နှစ်ညဆက်တိုက် အိပ်စက်ခဲ့ရသည်။
လက်စ်ဘို့စ်ကျွန်းရှိ ဆီဂရီဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် Blue Star Chios ကူးတို့သင်္ဘောတွင် ရွှေ့ပြောင်းနေထိုင်သူ ၁၀၀၀ ခိုလှုံနိုင်မည်ဖြစ်သည်။ ထို့အပြင် အရေးပေါ်နေရာထိုင်ခင်း ပေးအပ်ရန် ရေတပ်သင်္ဘောနှစ်စင်းကိုလည်း စေလွှတ်ထားကြောင်း ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ ဝန်ကြီး မီတာရာချီက ပြောသည်။ လူ ၂၀၀၀ နီးပါးကို သင်္ဘောများပေါ်တွင် ယာယီနေရာထိုင်ခင်း ပေးအပ်မည်ဟု မီတာရာချီက ဆိုသည်။
ဆယ်ကျော်သက်အရွယ်နှင့် ကလေးငယ် ၄၀၀ ကို ဂရိနိုင်ငံ ကျွန်းမကြီးသို့ လေယာဉ်ဖြင့် ပို့ဆောင်ခဲ့သည်။ လက်စ်ဘို့စ်ကျွန်းမှ အုပ်ထိန်းသူမပါသည့် ကလေးငယ် ၄၀၀ ကို ဥရောပသမဂ္ဂက ခေါ်ယူပေးမည့်အစီအစဉ်ကို ဂျာမနီဝန်ကြီးချုပ် မာကယ်နှင့် ပြင်သစ်သမ္မတ မက်ခရွန်တို့ သဘောတူညီခဲ့ကြသည်။ ဥရောပသမဂ္ဂက ခေါ်ယူမည့် ကလေးငယ်များမှာ ဂရိကျွန်းမကြီးသို့ ရောက်ရှိနေသူများ ဟုတ်၊ မဟုတ် တိတိကျကျ မသိရသေးပေ။
Ref:BBC(KNT)