နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုလံဘီယာနိုင်ငံတွင် ဆန္ဒပြပွဲများကြောင့် အနည်းဆုံး လူခုနစ်ဦး သေဆုံး

စက်တင်ဘာ ၁၁၊ ဘိုဂိုတာ


ကိုလံဘီယာနိုင်ငံမြို့တော် ဘိုဂိုတာမြို့တွင် မြေပြင်ပေါ်ချုပ်ထားပြီး ကျင်စက်ဖြင့် ထပ်ဖန်တလဲလဲ တို့ခဲ့သည့် ရဲတပ်ဖွဲ့၏လုပ်ရပ်ကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီးနောက် ဆန္ဒပြပွဲများဖြစ်ပွားခဲ့ရာ အနည်းဆုံး လူခုနစ်ဦး သေဆုံးခဲ့သည်။ အဆိုပါဖြစ်ရပ်ကို ရိုက်ကူးထားသည့် ရုပ်သံမှတ်တမ်းအရ အသက် ၄၆ နှစ်အရွယ် အမျိုးသား အော်ဒိုနက်ဇ်က ရဲအရာရှိများကို ထပ်မလုပ်ကြရန် အသနားခံခဲ့ပြီး


'' ကျွန်တော် အသက်ရှူကြပ်နေပြီ''ဟု  ပြောခဲ့ကြောင်း တွေ့ရသည်။ အော်ဒိုနက်ဇ်မှာ သူငယ်ချင်းများဖြင့် အရက်သောက်ပြီး တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရေး စည်းမျဉ်းများကို ချိုးဖောက်ခဲ့ခြင်းကြောင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ယင်းကို ရဲစခန်းမှတစ်ဆင့် ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ဆေးရုံတွင် ကွယ်လွန်သွားခဲ့သည်။


အဆိုပါဖြစ်ရပ်အပေါ် နာကျည်းခံပြင်းမှုများကြောင့် ဖြစ်ပေါ်လာသည့် ဆန္ဒပြပွဲများတွင် အနည်းဆုံး လူခုနစ်ဦး သေဆုံးခဲ့သည့်အနက် ငါးဦးမှာ ကျည်ဆန်ထိမှန်၍ သေဆုံးခဲ့ခြင်းဟု ကာကွယ်ရေးဝန်ကြီး ထရူဂျီလိုက ပြောသည်။ လူသတ်မှုကျူးလွန်သူများကို ဖမ်းဆီးပေးနိုင်အောင် သတင်းပေးနိုင်သူကို ဆုကြေးငွေချီးမြှင့်မည်ဟု ထရူဂျီလိုက ထုတ်ပြန်ထားသည်။ ဆန္ဒပြမှုများတွင် လူ ၂၄၈ ဦး ဒဏ်ရာရခဲ့သည့်အနက် ၅၈ ဦးမှာ ကျည်ဆန်ထိမှန်ခြင်းဟု ဘိုဂိုတာမြို့တော်ဝန် ကလော်ဒီယာလိုပက်ဇ်က ဆိုသည်။


စက်တင်ဘာလ ၉ ရက်က ဖြစ်ပွားခဲ့သည့် အဆိုပါဆန္ဒပြပွဲများတွင် ရဲအရာရှိ ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့သည်။ ဆန္ဒပြသူများကို ပစ်ခတ်ရန် ရဲတပ်ဖွဲ့ကို မည်သူကမျှ ညွှန်ကြားခဲ့ခြင်းမရှိဟု ကလော်ဒီယာလိုပက်ဇ်က ပြောသည်။ ဘိုဂိုတာမြို့တောင်ဘက် ဆိုအာချာမြို့၊ မက်ဒယ်လင်မြို့နှင့် ပါရဲရားမြို့များတွင်လည်း ဆန္ဒပြပွဲများဖြစ်ပွားခဲ့ပြီး ယာဉ်အစီးရေ ၇၀ ကျော် ထိခိုက်ပျက်စီးခဲ့သည်။ ယာဉ်ကိုးစီးမှာ အများပြည်သူ သယ်ယူပို့ဆောင်ရေးယာဉ်များဖြစ်ပြီး မီးတင်ရှို့ခံခဲ့ရခြင်းဖြစ်သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ