နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရုရှား၊ တရုတ်၊ အီရန်ဟက်ကာများက အမေရိကန်သမ္မတရွေးကောက်ပွဲကို ပစ်မှတ်ထားနေဟု ဆို

စက်တင်ဘာ ၁၁၊ ဝါရှင်တန်


ရုရှား၊ တရုတ်၊ အီရန်နိုင်ငံများနှင့် ဆက်နွှယ်နေသည့် ဆိုက်ဘာတိုက်ခိုက်သူများက ၂၀၂၀ ပြည့်နှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲနှင့် ဆက်နွှယ်နေသူများ၊ အဖွဲ့များ၏ သတင်းအချက်အလက်များကို ရယူရန် ကြိုးပမ်းနေသည်ဟု မိုက်ခရိုဆော့ဖ်ကုမ္ပဏီက ပြောသည်။ ၂၀၁၆ ခုနှစ်က ဒီမိုကရက်တစ်ပါတီ၏ မဲဆွယ်စည်းရုံးရေးကို ချိုးဖောက်တိုက်ခိုက်ခဲ့သည့် ရုရှားဟက်ကာများလည်း တစ်ကျော့ပြန် ပါဝင်လာသည်ဟု ဆိုသည်။


ပြည်ပအဖွဲ့များက ရွေးကောက်ပွဲကို ပစ်မှတ်ထားသည့် ယင်းတို့၏အားထုတ်မှုများကို အရှိန်မြှင့် ကြိုးပမ်းနေကြောင်း ထင်ရှားသည်ဟု မိုက်ခရိုဆော့ဖ်ကုမ္ပဏီက ဆိုသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ယင်း၏ပြိုင်ဘက်ဖြစ်သည့် ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ် ဂျိုးဘိုင်ဒင်တို့၏ မဲဆွယ်စည်းရုံးရေး ၂ ခု လုံးကို ဆိုက်ဘာတိုက်ခိုက်သူများ၏ စက်ကွင်းတွင် ပါဝင်နေသည်ဟု ဆိုသည်။


Strontium အဖွဲ့မှ ရုရှား ဟက်ကာများက အမေရိကန်နိုင်ငံရေးပါတီများနှင့် ဆက်နွှယ်နေသည့် အဖွဲ့အစည်းအများအပြား အပါအဝင် အဖွဲ့အစည်း ၂၀၀ ကျော်ကို ပစ်မှတ်ထားခဲ့သည်ဟု မိုက်ခရိုဆော့ဖ်ကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။


အဆိုပါဆိုက်ဘာတိုက်ခိုက်သူများက ဗြိတိန်နိုင်ငံရေးပါတီများကိုလည်း ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်ဟု မိုက်ခရိုဆော့ဖ်ကုမ္ပဏီက ပြောသည်။ Fancy Bear ဟု လူသိများသည့် Strontium အဖွဲ့မှာ ရုရှား စစ်တပ်ထောက်လှမ်းရေးအဖွဲ့ (GRU)နှင့် ဆက်နွှယ်နေသည်ဆိုသော ဆိုက်ဘာတိုက်ခိုက်ရေးအဖွဲ့ ဖြစ်သည်။ တရုတ်ဟက်ကာများက ဂျိုးဘိုင်ဒင်၏မဲဆွယ်စည်းရုံးရေးနှင့် ဆက်နွှယ်နေသူများကို ပစ်မှတ် ထားနေပြီး အီရန်ဟက်ကာများက ဒေါ်နယ်ထရမ့်၏ မဲဆွယ်စည်းရုံးရေးနှင့် ဆက်နွှယ်နေသူများကို ပစ်မှတ်ထားနေသည်ဟု မိုက်ခရိုဆော့ဖ်ကုမ္ပဏီက ပြောသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ