နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာပလာဇာတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေ့ရှိသဖြင့် သက်ဆိုင်ရာ အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်

ရန်ကုန် ဧပြီ ၂၃ ရန်ကုန်မြို့ရှိ မြန်မာပလာဇာ ပထမထပ်၌ ဖွင့်လှစ်ထားသော မိုဘိုင်းဖုန်းဆင်းကတ်များအတွက် ၀န်ဆောင်မှုပေးနေသော ဆိုင်ခွဲတစ်ခုမှ ၀န်ထမ်းတစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည်ကို စစ်ဆေး တွေ့ရှိရသဖြင့် မြန်မာပလာဇာ အုပ်ချုပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာအစိုးရဌာနများ ပူးပေါင်းပြီး ရောဂါပိုး ကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသော ၀န်ထမ်းသည် ဧပြီလ ၂၀ ရက်တွင် နေထိုင်မကောင်း ဖြစ်သဖြင့် ဆေးခန်းသွားပြခဲ့ရာမှ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိခြင်းဖြစ်ကြောင်း၊ ယင်းသို့ စစ်ဆေးတွေ့ရှိမှုကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ မြန်မာပလာဇာ အုပ်ချုပ်ရေးအဖွဲ့သို့ ဧပြီလ ၂၁ ရက်တွင် အသိပေးအကြောင်းကြားခဲ့ကြောင်း သိရသည်။ ယခုအခါ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ လမ်ညွှန်ချက်နှင့်အညီ မြန်မာပလာဇာအတွင်းရှိ အများပြည်သူ သွားလာသောနေရာများ၊ ဓာတ်လှေကားများ၊ စက်လှေကားများ စသည့်နေရာအနှံ့အပြားကို ပိုး သတ်ဆေးဖျန်းကာ သန့်ရှင်းခြင်း၊ လေဝင်လေထွက်စနစ်များအား သန့်ရှင်းခြင်းများ ဆောင်ရွက်လျက်ရှိသည့် အပြင် သက်ဆိုင်ရာ အာဏာပိုင်များနှင့် ပူးပေါင်းပြီး အခြေအနေအရပ်ရပ်ကို ဆက်လက်စောင့်ကြည့်လျက်ရှိရာ အခြေအနေ တစ်စုံတစ်ရာ ထူးခြားမှုရှိပါက အများပြည်သူသို့ အချိန်နှင့်တစ်ပြေးညီ အသိပေးကြေညာသွားမည် ဖြစ်ကြောင်း မြန်မာပလာဇာ အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ထို့အပြင် မြန်မာပလာဇာတွင် စျေးလာဝယ်သူများ၊ ဆိုင်ပိုင်ရှင်များနှင့် ၀န်ထမ်းများအနေနှင့်လည်း ကျန်းမာရေးနှင့် သန့်ရှင်းရေးကို ယခင်ထက်ပို၍ ဂရုစိုက်ကြရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်များကို အထူးဂရုပြု လိုက်နာဆောင်ရွက်ကြရန် နှိုးဆော်ထားကြောင်း သိရသည်။ ကိုဆောင်း(ဥက္ကလာ)






အခြားဆက်စပ်သတင်းများ