နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သမ္မတဟောင်း မိုရာလက်စ်ကို အထက်လွှတ်တော်အမတ်အဖြစ် ဝင်ရောက်ရွေးကောက်ခွင့်မပြုနိုင်ဟု တရားရုံး ဆုံးဖြတ်

စက်တင်ဘာ ၉၊ ဆူခရီ


သမ္မတဟောင်း မိုရာလက်စ်ကို အထက်လွှတ်တော်အမတ်နေရာအတွက် ဝင်ရောက် ရွေးကောက်ခံနိုင်ခြင်းမရှိဟု တားမြစ်ပိတ်ပင်သည့် ရွေးကောက်ပွဲခုံရုံး၏ ဆုံးဖြတ်ချက်ကို ဘိုလစ်ဗီးယားနိုင်ငံ တရားသူကြီးတစ်ဦးက အတည်ပြုခဲ့သည်။ သမ္မတဟောင်း မိုရာလက်စ်က ဘိုလစ်ဗီးယားနိုင်ငံအလယ်ပိုင်း ကိုချာဘမ်ဘာဒေသတွင် အထက်လွှတ်တော်အမတ်အဖြစ် ဝင်ရောက်ရွေးကောက်ခံရန် လိုလားလျက်ရှိသည်။


သို့သော် မိုရာလက်စ်အနေဖြင့် အဆိုပါဒေသတွင် နှစ်နှစ်ကြာ နေထိုင်မှသာ ရွေးကောက်ပွဲဝင်ခွင့်ရှိသည်ဆိုသည့် လိုအပ်ချက်နှင့် ကိုက်ညီမှုမရှိကြောင်း ပြီးခဲ့သည့်ဖေဖော်ဝါရီလတွင် ရွေးကောက်ပွဲခုံရုံးက ဆုံးဖြတ်ခဲ့သည်။ မိုရာလက်စ်မှာ ပြီးခဲ့သည့်နိုဝင်ဘာလက ဘိုလစ်ဗီးယားနိုင်ငံမှ ထွက်ပြေးခဲ့ပြီး လက်ရှိအချိန်တွင် အာဂျင်တီးနားနိုင်ငံ၌ နေထိုင်လျက်ရှိသည်။


မိုရာလက်စ်က ယင်းအနေဖြင့် အာဂျင်တီးနားနိုင်ငံတွင် ကိုယ့်သဘောဖြင့်ကိုယ် နေထိုင်ခြင်းမဟုတ်ဘဲ လုံခြုံရေးအတွက် စိုးရိမ်၍ နေထိုင်ရခြင်းဟု တုံ့ပြန်ခဲ့ပြီး  ရွေးကောက်ပွဲဝင်ပြိုင်ခွင့်မရသည့် ဆုံးဖြတ်ချက်ကို အယူခံဝင်ခဲ့သော်လည်း ပြီးခဲ့သည့်တနင်္လာနေ့က ယင်း၏အယူခံပယ်ချခံခဲ့ရသည်။


မိုရာလက်စ်သည် ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲတွင် စတုတ္ထမြောက် သမ္မတသက်တမ်းအတွက် ဝင်ရောက်ရွေးကောက်ခံခဲ့ပြီး အနိုင်ရပြီဟု တရားဝင်ကြေညာခဲ့သော်လည်း မဲရေတွက်မှုများကို ၂၄ နာရီကြာ ရပ်ဆိုင်းခဲ့ခြင်းကြောင့် မဲမသမာမှုများရှိသည်ဆိုသည့် စွပ်စွဲချက်များ ထွက်ပေါ်လာခဲ့ပြီး ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့ရာ နိုဝင်ဘာလ ၁၀ ရက်တွင် ရာထူးမှ နုတ်ထွက်ပြီး မက္ကဆီကိုနိုင်ငံသို့ တိမ်းရှောင်ခဲ့သည်။ ထိုမှတစ်ဆင့် အာဂျင်တီးနားနိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်ခဲ့ခြင်းဖြစ်သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ