နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စမ်းသပ်ထိုးနှံခံသူတစ်ဦး ဖျားနာခဲ့ပြီးနောက် အောက်စဖို့ဒ်တက္ကသိုလ်၏ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး စမ်းသပ်ထိုးနှံမှုများကို ဆိုင်းငံ့

စက်တင်ဘာ ၉၊ လန်ဒန်


ဗြိတိန်နိုင်ငံတွင် ကာကွယ်ဆေးစမ်းသပ်ထိုးနှံမှု ခံယူနေသူတစ်ဦး ဖျားနာခဲ့ပြီးနောက် AstraZeneca ဆေးဝါးကုမ္ပဏီနှင့် အောက်စဖို့ဒ်တက္ကသိုလ်က ဖော်စပ်ထားသည့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအတွက် နောက်ဆုံးစမ်းသပ်ထိုးနှံမှုများကို ဆိုင်းငံ့လိုက်သည်။ နားမလည်နိုင်သည့် ဖျားနာမှုဖြစ်ရပ်အတွက် လုပ်ရိုးလုပ်စဉ်အတိုင်း ကာကွယ်ဆေး စမ်းသပ်ထိုးနှံမှုများ ဆိုင်းငံ့ခြင်းဖြစ်ကြောင်း AstraZeneca ကုမ္ပဏီက ပြောသည်။


AstraZeneca ကုမ္ပဏီနှင့် အောက်စဖို့ဒ်တက္ကသိုလ်တို့ ပူးပေါင်းဖော်စပ်သည့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးမှာ ကမ္ဘာတစ်ဝန်းတွင် ဖော်စပ်နေသည့် အခြားကာကွယ်ဆေး ဒါဇင်ပေါင်းများစွာအနက် အများဆုံး မျှော်လင့်ခံထားရသည့် ဆေးဝါးတစ်မျိုးဖြစ်ပြီး စမ်းသပ်ထိုးနှံမှုရလဒ်များကို ကမ္ဘာတစ်ဝန်းက မျက်ခြည်မပြတ် စောင့်ကြည့်လျက်ရှိသည်။


ပထမအဆင့်နှင့် ဒုတိယအဆင့် စမ်းသပ်မှုများ အောင်မြင်ခဲ့ခြင်းကြောင့် အဆိုပါကာကွယ်ဆေးမှာ ဈေးကွက်အတွင်း ပထမဆုံး ရောက်ရှိလာမည့် ကာကွယ်ဆေးတစ်မျိုးဖြစ်သည်ဟု မျှော်လင့်ခဲ့ကြသည်။ ပြီးခဲ့သည့်ရက်သတ္တပတ်များအတွင်း အမေရိကန်နိုင်ငံ၌ တတိယအဆင့် စမ်းသပ်ထိုးနှံမှုလုပ်ရာတွင် စမ်းသပ်ထိုးနှံခံသူ ၃၀၀၀၀ နီးပါး ပါဝင်ခဲ့ပြီး  ဗြိတိန်၊ ဘရာဇီးနှင့် တောင်အာဖရိကနိုင်ငံများတွင်လည်း စမ်းသပ်ထိုးနှံမှုလုပ်ခဲ့ကြသည်။


ကာကွယ်ဆေးများအတွက် တတိယအဆင့် ထိုးနှံမှုလုပ်ရာတွင် စမ်းသပ်ထိုးနှံမှုခံယူသူ ထောင်ပေါင်းများစွာ ပါဝင်ပြီး နှစ်ရှည်ကြာမြင့်လေ့ရှိသည်။ စည်းမျဉ်းရေးဆွဲသူများက စမ်းသပ်ထိုးနှံမှု ပြန်လည်စတင်နိုင်ခြင်း ရှိ၊ မရှိ မဆုံးဖြတ်မီ လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့က ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အချက်အလက်များကို ပြန်လည်သုံးသပ်လျက်ရှိရာ လက်ရှိအချိန်တွင် နိုင်ငံတကာစမ်းသပ်ထိုးနှံမှုအားလုံးကို ရပ်ဆိုင်းထားသည်။ အောက်စဖို့ဒ်တက္ကသိုလ်က ဖော်စပ်သည့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး စမ်းသပ်ထိုးနှံမှုကို ရပ်ဆိုင်းရခြင်းမှာ ဒုတိယအကြိမ်ဖြစ်သည်။ သို့သော် ဆေးဝါးဆိုင်ရာ စမ်းသပ်ထိုးနှံမှုများတွင် ယင်းကဲ့သို့ ဆိုင်းငံ့ရခြင်းမှာ လုပ်ရိုးလုပ်စဉ်ဖြစ်သည်။


အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုဝင်ဘာလ ၃ ရက်နေ့မတိုင်မီ အမေရိကန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ရရှိလိုသည်ဟု ပြောထားသည်။ ထို့ကြောင့် ကာကွယ်ဆေး ထုတ်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းရေးထက် နိုင်ငံရေးကို အဓိကဦးစားပေးဖွယ်ရှိသည်ဆိုသည့် စိုးရိမ်ပူပန်မှုများ မြင့်တက်လာခဲ့သည်။ ပြီးခဲ့သည့်အင်္ဂါနေ့တွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ဖော်စပ်နေသည့် အဖွဲ့(၉)ဖွဲ့က ကာကွယ်ဆေးဖော်စပ်ရာတွင် သိပ္ပံဆိုင်ရာနှင့် ကျင့်ဝတ်ဆိုင်ရာ စံနှုန်းများကို ထိန်းသိမ်းမည်ဆိုသည့် သမိုင်းဝင်ကတိပြုခဲ့သည်။


ယင်းကဲ့သို့ ကတိပြုခဲ့သည့် ဆေးဝါးကုမ္ပဏီ ၉ ခုတွင် AstraZeneca ကုမ္ပဏီလည်း ပါဝင်နေသည်။ ကမ္ဘာတစ်ဝန်းတွင် ဖော်စပ်နေသည့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ၁၈၀ နီးပါး ရှိသော်လည်း စမ်းသပ်ထိုးနှံမှုများ ပြီးမြောက်အောင်မြင်ခဲ့သည့် ကာကွယ်ဆေးမရှိသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO)က ပြောသည်။
Ref:BBC(KNT)








အခြားဆက်စပ်သတင်းများ