နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
‌ရေသယံဇာတ လေလွင့်မှုနည်းပါးရေး ဆောင်ရွက်

ရန်ကုန်   စက်တင်ဘာ   ၈


ကမ္ဘာနှင့်အဝှမ်း ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်အရ ကမ္ဘာကြီး ပူနွေးလာခြင်း၊ ဆီးနှင်းများ အရည်ပျော်ကျမှု ကြောင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်း၊ မိုးရွာသွန်းမှုနည်းပါးလာခြင်းကြောင့် ရေချိုရှားပါးမှုဖြစ်ပေါ် လာမှုနှင့် ပင်လယ်ရေတိုးဝင်မှုကြောင့် မြေအောက်ရေတွင် ရေငန်ဝင်ရောက်ခြင်း၊ လူဦးရေတိုးတက်လာခြင်း၊ စက်မှုလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများ တိုးချဲ့လာမှုကြောင့် သောက်သုံးရေလိုအပ်ချက်များ ပိုမိုများပြား လာလျက်ရှိသည်။

နိုင်ငံအတွက် အရေးကြီးသော စိုက်ပျိုးရေးလုပ်ငန်းအတွက်လည်းကောင်း၊ သောက်သုံးရေအတွက် လည်း ကောင်း လိုအပ်သောရေချိုအရင်းအမြစ်များကို နည်းမျိုးစုံဖြင့်ထိန်းသိမ်းကာ အကျိုးရှိစွာသုံးစွဲရန် လိုအပ်ပေ သည်။ ကျေးလက်နှင့် မြို့ပြနေပြည်သူများ ရေရရှိရေး၊ လူနေမှုဘဝမြင့်မားရေးအတွက် နိုင်ငံတော်အစိုးရ အနေဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ဆည်မြောင်းဦးစီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဦးစီးဌာန၏ ပူးပေါင်းဆောင်ရွက်မှုများဖြင့် ဆည်၊ မြောင်း၊ ကန်၊ ချောင်းများကို ပြန်လည်တူးဖော်ဆောင်ရွက်ပေးလျက် ရှိသည်။

ရေတွင်း၊ ရေကန်များအား လူထုအဖွဲ့အစည်းများဖြင့်သော်လည်းကောင်း၊ စက်ယန္တရားအကူအညီဖြင့်  သော်လည်းကောင်း၊ ဒေသဆိုင်ရာအဖွဲ့အစည်းများဖြင့်သော်လည်းကောင်း ရေချိုအရင်းအမြစ်များ မဆုံးရှုံး စေရန် ဆည်၊ မြောင်း၊ ကန်၊ ချောင်းများအား ဆည်ဖို့ခြင်း၊ အသစ်တူးဖော်ခြင်းလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက် လျက်ရှိသည်။ ကမ္ဘာ့လူဦးရေသည် လျင်မြန်စွာ တိုးပွားလာမှုနှင့် ရာသီဥတုပြောင်းလဲမှုတို့ကြောင့် ရေသယံဇာတ ရှားပါးမှုသည် အရေးကြီးသော စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း ရေအရင်းအမြစ်နှင့်ပတ်သက်၍ ကုလသမဂ္ဂစားနပ် ရိက္ခာအဖွဲ့က အသိပေးထားသည်။

ရန်ကုန်မြို့တော်သည် မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးမြို့တော်ဖြစ်သည့်အတွက် အနယ်နယ်အရပ်ရပ်မှ  ပြည်သူများ လာရောက်အခြေချသည့်အတွက် လူဦးရေတိုးတက်လာသကဲ့သို့ စီးပွားရေလုပ်ငန်းများ စက်မှုဇုန်များ တိုးချဲ့လာခြင်းကြောင့် ရေလိုအပ်ချက် များပြားလာရာ ရေလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး ရေရှည်စီမံကိန်းများအဖြစ် လဂွန်းပြင်၊ ကုက္ကိုဝ၊ တိုးမြစ်ရေပေးဝေရေးစီမံကိန်းများကိုလည်းကောင်း၊ ရေတိုစီမံကိန်းများ အဖြစ် ရန်ကုန်တောင်ပိုင်းခရိုင် ရေပေးဝေရေးစီမံကိန်း၊ အဝီစိတွင်းများ အားဖြည့်တူးဖော်ခြင်းနှင့် ရေလေလွင့် ဆုံးရှုံးမှုလျှော့ချခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ လှော်ကား၊ ဂျိုးဖြူ၊ ဖူးကြီး၊ ငမိုးရိပ်ရေလှောင်ကန် ကြီးများတွင် ယခုနှစ် မိုးရေချိန်ရရှိမှုနည်းပါးသောကြောင့် ပုံမှန်ရေစုဆောင်းမှုပမာဏ ပြည့်မီခြင်းမရှိခြင်းကြောင့် ကန်ရေချိန်များကို စနစ်တကျ ထိန်းသိမ်းပေးစေရန် အရေးတကြီးလိုအပ်ကြောင်း သက်ဆိုင်ရာက အသိပေးထားသည်။

ရေလိုအပ်ချက်ကို စနစ်တကျ ဖြည့်ဆည်းပေးနိုင်ရန် ရေအရင်းအမြစ်များကို ထိန်းသိမ်းစောင့်ရှောက်ရန် စနစ်တကျ စီမံခန့်ခွဲရေးသည် အဓိကလိုအပ်ချက်ဖြစ်ရာ စိုက်ပျိုးရေ၊ သောက်သုံးရေကို လေလွင့်ဆုံးရှုံးမှုမရှိအောင် စနစ်တကျ စီမံခန့်ခွဲခြင်းဖြင့် နွေအတွက် ရေမခက်ရေး ပူးပေါင်းဆောင်ရွက်စေချင်ကြောင်း ။        ။






အခြားဆက်စပ်သတင်းများ