စက်တင်ဘာ ၈၊ မနီလာ
အမျိုးသမီးအဖြစ် လိင်စိတ်ပြောင်းနေသူတစ်ဦးကို သတ်ခဲ့သည်ဟုဆိုကာ ထောင်ဒဏ်ချမှတ်ခံခဲ့ရသည့် အမေရိကန်မရိန်းတပ်ဖွဲ့ဝင်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ခြင်းကြောင့် အခွင့်အရေးအဖွဲ့များက ဖိလစ်ပိုင်သမ္မတ ဒူတာတေးကို ဝေဖန်နေကြသည်။ ပြီးခဲ့သည့်တနင်္လာနေ့တွင် ဒူတာတေးက တပ်ကြပ် ပန်ဘာတန်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ခြင်းဖြစ်သည်။
ပမ်ဘာတန်မှာ လိင်စိတ်ပြောင်းနေသည့် အမျိုးသမီး ဂျနီဖာလော်ဒီကို သတ်ဖြတ်မှုအတွက် ၂၀၁၄ ခုနှစ်ကတည်းက အကျဉ်းကျခံနေရသူဖြစ်သည်။ ပမ်ဘာတန်မှာ လူသတ်မှုအတွက် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရသော်လည်း ပြစ်ဒဏ်ကျခံချိန် တစ်ဝက်ကျော်တွင် ပြန်လည်လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။
သမ္မတဒူတာတေး၏ ဆုံးဖြတ်ချက်မှာ ဖိလစ်ပိုင်နိုင်ငံ၏ တရားရေးစနစ်ကို လှောင်ပြောင်သရော်ခြင်း ဖြစ်သည်ဟု ဂျနီဖာလော်ဒီ၏မိသားစုရှေ့နေ ဆွာရက်ဇ်က ပြောသည်။ ပမ်ဘာတန်က ထောင်ထဲတွင် ကောင်းကောင်းမွန်မွန် နေထိုင်ခြင်းကြောင့် ယင်းကို အချိန်စော၍ လွှတ်ပေးရန် ပြီးခဲ့သည့်ရက်သတ္တပတ်တွင် ဒေသဆိုင်ရာ တရားရုံးက ဆုံးဖြတ်ခဲ့သည်။ သို့သော် ဂျနီဖာလော်ဒီ၏ မိသားစုရှေ့နေများက အယူခံဝင် ခဲ့ခြင်းကြောင့် အဆိုပါဆုံးဖြတ်ချက်ကို ဆိုင်းငံ့ခဲ့သည်။
ယခုအခါတွင် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ခြင်းကြောင့် တရားရေးဆိုင်ရာကိစ္စရပ်များကို ထည့်သွင်းစဉ်းစားရန် မလိုအပ်တော့ပေ။ သို့သော် ပမ်ဘာတန်ကို မည်သည့် အချိန်တွင် ပြန်လွှတ်ပေးမည်ဆိုခြင်းကို ကြေညာခြင်းမရှိသေးပေ။
ပမ်ဘာတန်နှင့် ဂျနီဖာလော်ဒီတို့မှာ ၂၀၁၄ ခုနှစ် အောက်တိုဘာလက ဘားတစ်ခုတွင် တွေ့ဆုံခဲ့ကြပြီး ဟိုတယ်တစ်ခုသို့ သွားခဲ့ကြောင်း၊ နောက်တစ်ရက်တွင် လည်ပင်းညှစ်သတ်ခံထားရသည့် အနေအထားဖြင့် အိမ်သာအတွင်း သေဆုံးနေသည့် ဂျနီဖာလော်ဒီကို တွေ့ရကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
ဂျနီဖာလော်ဒီမှာ အမျိုးသမီးအစစ်မဟုတ်ဘဲ လိင်စိတ်ပြောင်းနေသူဖြစ်ကြောင်း သိရချိန်တွင် ယင်းကို တိုက်ခိုက်ခဲ့သော်လည်း ဟိုတယ်အခန်းထဲမှ ထွက်လာချိန်တွင် ဂျနီဖာလော်ဒီ အသက်ရှိနေသေးသည်ဟု ပမ်ဘာတန်က ဆိုသည်။
Ref:BBC(KNT)