နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကယ်လီဖိုးနီးယားပြည်နယ်တွင် မြေဧက ၂ သန်းကျော် တောမီးလောင်ကျွမ်းခံရပြီး စံချိန်သစ်တင်

စက်တင်ဘာ ၈၊ ဝါရှင်တန်


ယခုနှစ်အတွင်း ကယ်လီဖိုးနီးယားပြည်နယ်တွင် တောမီးလောင်ကျွမ်းခံခဲ့ရသည့် မြေနေရာ အကျယ်အဝန်း စံချိန်သစ်တင်ခဲ့ပြီး လက်ရှိအချိန်တွင်လည်း မီးသတ်သမားများက မီးလောင်ကျွမ်းမှု အများအပြားကို ငြှိမ်းသတ်နေရဆဲဖြစ်သည်။ ကယ်လီဖိုးနီးယားပြည်နယ်တွင် တောမီးလောင်ကျွမ်းခဲ့သည့် မြေဧက ၂ သန်းကျော်ရှိပြီး အဆိုပါအကျယ်အဝန်းမှာ ဒီလာဝါရီပြည်နယ်ထက် ပိုကြီးမားကြောင်း ကယ်လီဖိုးနီးယားပြည်နယ် သစ်တောနှင့် မီးဘေးကာကွယ်ရေးဌာန (Cal Fire)က ပြောသည်။


အယ်ဒိုရာဒိုဟု အမည်ပေးထားသည့် မီးလောင်ကျွမ်းမှုမှာ ကျား၊ မ ခွဲခြားဖော်ပြရေးပါတီမှ စတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ဧက ၇၀၀၀ ကျော် ကူးစက်ပျံ့နှံ့ခဲ့ကြောင်း အရာရှိများက ပြောသည်။ ကယ်လီဖိုးနီးယားပြည်နယ်မှာ လက်ရှိအချိန်တွင် စံချိန်တင်အပူလှိုင်းဖြတ်မှု ရင်ဆိုင်နေရသည်။ ပြီးခဲ့ သည့် တနင်္ဂနွေနေ့က အမြင့်ဆုံးအပူချိန်အဖြစ် ၄၉ ဒသမ ၄ ဒီဂရီ ဆဲလ်စီးယက်အထိ မြင့်တက်ခဲ့သည်ဟု လော့စ်အိန်ဂျလိစ်ကောင်တီက ပြောသည်။


လာမည့်အင်္ဂါနေ့မှစတင်၍ အပူချိန်ကျဆင်းဖွယ်ရှိသော်လည်း လေပြင်းတိုက်ခတ်မှုကြောင့် မီးကူးစက်ပျံ့နှံ့မှုကို အားပေးရာရောက်စေနိုင်သည်ဟု အမျိုးသားမိုးလေဝသဌာနက သတိပေးထားသည်။ လက်ရှိအချိန်တွင် ကယ်လီဖိုးနီးယားပြည်နယ်တစ်ဝိုက် လောင်ကျွမ်းနေသည့် တောမီးလောင်ကျွမ်းမှု ၂၄ ခုကို မီးသတ်သမား ၁၄၀၀၀ ကျော်က ငြှိမ်းသတ်လျက်ရှိကြောင်း Cal Fire က ပြောသည်။ ပြီးခဲ့သည့်သောကြာနေ့က ဆီရီရာတောင်တန်းတွင် စတင်လောင်ကျွမ်းခဲ့သည့် Creek Fire မှာ အကြီးမားဆုံး မီးလောင်ကျွမ်းမှုဖြစ်ပြီး ဧက ၇၈၀၀၀ ကျော် လောင်ကျွမ်းခဲ့ပြီးဖြစ်သည်။                


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ