နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယနိုင်ငံ၏ ဆေးရုံသုံး ခုတင်လိုအပ်ချက်ကို ဒီဇိုင်နာမိန်းကလေးက ဖြေရှင်းပေးခဲ့

စက်တင်ဘာ ၈၊ နယူးဒေလီ


ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၄.၂ သန်းကျော်ရှိသည့် အိန္ဒိယနိုင်ငံမှာ ဘရာဇီးကို ကျော်ဖြတ်ပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ဒုတိယအများဆုံး နိုင်ငံဖြစ်လာခဲ့သည်။ နေ့စဉ်နေ့တိုင်း လူနာသစ် သောင်းချီ တွေ့ရှိနေရာ အိန္ဒိယနိုင်ငံတစ်ဝန်းတွင် သီးသန့်ခွဲခြားနေထိုင်ရေး အဆောင်များ လျင်မြန်စွာ တည်ဆောက်နေရပြီး လူနာများကိုထားရန် ဆေးရုံသုံးခုတင် အများအပြား လိုအပ်ခဲ့သည်။

အိန္ဒိယနိုင်ငံအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်၊ ဝါပီမြို့တွင် နေထိုင်ပြီး ဟားဗတ်တက္ကသိုလ် ဒီဇိုင်းကျောင်းမှမာစတာဘွဲ့ ရရှိထားသည့် ရီယာရှားက အဆိုပါပြဿနာကို ဖြေရှင်းပေးခဲ့သည်။ ရီယာရှားတို့မိသားစုမှာ စက်ရုံသုံးစက္ကူထုတ်လုပ်ရေးလုပ်ငန်း(Aryan Paper Group)ကို ပိုင်ဆိုင်ကြသူများဖြစ်သည်။ ထို့ကြောင့် ယင်းတို့မိသားစုက ကတ်ထူပြားခုတင် ဖန်တီးရန် ဆုံးဖြတ်ခဲ့သည်။


အကျယ် ၃ ပေ၊ အမြင့် ၃ ပေ၊ အရှည် ၆ ပေခွဲရှိသည့် ကတ်ထူပြားခုတင်မှာ အလေးချိန် ပေါင် ၄၄၀ အထိ တောင့်ခံနိုင်စွမ်းရှိပြီး ရေစိုခံနိုင်သည့်အတွက် လိုအပ်လာပါက ဆေးကြောခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်းများ လုပ်နိုင်သည်။ ကတ်ထူပြားခုတင်တစ်လုံးကို ၂၅ ပေါင်လောက်ပဲ လေးလံပြီး အချပ်လိုက်၊ အပြားလိုက် ပို့ဆောင်နိုင်ခြင်းကြောင့် သယ်ယူပို့ဆောင်ရန် လွယ်ကူသည်။

ကတ်ထူပြားခုတင်ကို တပ်ဆင်ရာတွင်လည်း မည်သည့်ပစ္စည်းကိရိယာမှ မလိုအပ်ဘဲ လက်ချည်းသက်သက်သုံးပြီး မိနစ်ပိုင်းသာ ကြာမြင့်သည်ဟု ဆိုသည်။ သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီပြီး ပေါ့ပါးခိုင်မာသည့် ကတ်ထူပြားခုတင်တစ်လုံးအတွက် အမေရိကန်ဒေါ်လာ ၁၃ ဒေါ်လာ ကျပ် ၁၇၃၀၀ သာကုန်ကျခြင်းကြောင့် သံခုတင်များနှင့်ယှဉ်ပါက တစ်ဝက်ဈေးထက် နည်းသည်။


ရီယာရှားတို့မိသားစုမှာ ကတ်ထူပြားခုတင် အလုံးပေါင်း ၁၂၀၀ ကျော် လှူဒါန်းခဲ့ပြီး လိုအပ်ချက်အများဆုံး ရှိသည့်နေရာများအတွက် ကတ်ထူပြားခုတင် အလုံးပေါင်း ၁၀၀၀၀ ကို ပစ္စည်းဖိုးဖြင့် ရောင်းချခဲ့သည်။ ကတ်ထူပြားခုတင်များ တီထွင်ဖန်တီးပေးခဲ့သည့် Aryan Paper Group မှာ ကိုဗစ်-၁၉ ရောဂါကို တွန်းလှန် ရင်ဆိုင်ချိန်တွင် ထိပ်တန်းအဆင့် ဖြေရှင်းမှု၊ တီထွင်ဖန်တီးမှု ၂၁ ခုစာရင်းတွင် ရွေးချယ်ခံခဲ့ရသည်။                                                                             


Ref:BBC (KNT)






အခြားဆက်စပ်သတင်းများ