နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် လေအေးပေးစက်နှင့် မတ်ရပ်ပန်ကာများ လှူဒါန်း

ရန်ကုန် ဧပြီ ၂၃ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံသံအမတ်ကြီး H.E Mr.Zahairi Bin Baharim ဦးဆောင်၍ မလေးရှားနိုင်ငံအခြေစိုက်ကုမ္ပဏီများ ပါ၀င်ကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် လေအေးပေးစက်နှင့် မတ်ရပ်ပန်ကာများ လှူဒါန်းမှုကို ယနေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ပြုလုပ်သည်။ အဆိုပါ လှူဒါန်းမှုတွင် မြန်မာကျပ်ငွေ ၁၂၃ သိန်းခြောက်သောင်းတန်ဖိုးရှိ လေအေးပေးစက် ၂၅ လုံး၊ မြန်မာကျပ်ငွေ ၂၃ သိန်းတန်ဖိုးရှိ မတ်ရပ်ပန်ကာ အလုံး(၅၀)တို့ကို မလေးရှားနိုင်ငံသံအမတ်ကြီး ဦးဆောင်၍ ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာ၀န်ရှိသူများက လက်ခံရယူသည်။ လှူဒါန်းမှုအခမ်းအနား၌ တိုင်းဒေသကြီး၀န်ကြီးချုပ်က "ကျွန်တော်နိုင်ငံရဲ့ ရာသီဥတုအခြေအနေဟာ အင်မတန်ပူပြင်းပါတယ်၊ ဒီအခြေအနေတွေကြောင့် ကူးစက်ရောဂါကုသမယ့် ဆေးရုံမှာ လေအေးပေးစက်တွေ တပ်ဆင်ဖို့ ပြင်ဆင်နေပါတယ်၊ တပ်ဆင်ပြီးစီးမှု အခြေအနေလည်း အတိုင်းအတာအချို့ ရောက်ရှိနေပြီ ဖြစ်ပါတယ်၊ အခု မလေးရှားကုမ္ပဏီတွေဘက်ကနေ လှူဒါန်းလာတဲ့ လေအေးပေးစက်တွေကို ဗဟို၀န်ထမ်း တက္ကသိုလ်(ဖောင်ကြီး) အခုတည်ဆောက်နေတဲ့ ကိုဗစ်-၁၉ ဆေးရုံမှာ တပ်ဆင်သွားမှာ ဖြစ်ပါတယ်၊ တပ်ဆင်မှုတွေ ဆောင်ရွက်ဖို့အတွက် တပ်ဆင်ပေးမယ့် ကုမ္ပဏီတွေနဲ့ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်၊ ကိုဗစ်-၁၉ ကပ်ဘေးကြီးဟာ တစ်ကမ္ဘာလုံးမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေ အရပ်ရပ်ကို ရိုက်ခတ်မှုတွေ ရှိလာနိုင်ပါတယ်၊ ဒီရိုက်ခတ်လာမှုအပေါ်မှာ အာဆီယံနိုင်ငံတွေ အချင်းချင်း ကြားမှာ ညီညွတ်တဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကပ်ဘေးကြီးကနေ ကျော်လွှားနိုင်အောင် ကြိုးပမ်းဆောင်ရွက် ကြရမှာ ဖြစ်ပါတယ်၊ မလေးရှားသံအမတ်ကြီးဦးဆောင်ပြီး အခုလို လှူဒါန်းမှုပြုလုပ်တဲ့အတွက် အထူးပဲကျေးဇူး တင်ပါတယ်"ဟု အမှာစကားပြောကြားခဲ့သည်။ အဆိုပါ လှူဒါန်းမှုကို မြန်မာနိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံသံအမတ်ကြီး ဦးဆောင်၍ မလေးရှားနိုင်ငံ သံရုံး၊ Malaysia-Myanmar Business Chamber(MMBC, Yangon)၊ The Diplomats and International Golf Association of Yangon(DIGAY)၊ Mercy Malaysia Monarch Company Limited(KHIND)၊ OK Myanmar Co.,Ltd.၊ Daikin Malaysia(Myanmar Branch)၊ Myanmar Golden Rock International Co., Ltd. စသည့် ကုမ္ပဏီများက ပါ၀င်လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။ မိုးမြင့်မောင်






အခြားဆက်စပ်သတင်းများ