နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘီလာရုစ်နိုင်ငံမှ ဆန္ဒပြပွဲများတွင် ရဲတပ်ဖွဲ့က အနည်းဆုံး လူ ၁၀၀ ကို ဖမ်းဆီး

စက်တင်ဘာ ၇၊ မင့်စ်


သမ္မတ လူကာရှန်ကိုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ ရက်သတ္တလေးပတ်ဆက်တိုက် ဖြစ်ပွားခဲ့ရာ ဘီလာရုစ်နိုင်ငံမြို့တော် မင့်စ်မြို့နှင့် အခြားမြို့များတွင် ရဲတပ်ဖွဲ့က အနည်းဆုံး လူ ၁၀၀ ကို ဖမ်းဆီးခဲ့သည်။ မင့်စ်မြို့တွင် ရဲတပ်ဖွဲ့က သမ္မတနန်းတော်အနီး ဆန္ဒပြနေသူများကို ငရုပ်ရည်ဘူးများဖြင့် ဖြန်းပက်ခြင်း၊ တုတ်ဖြင့် ရွယ်ခြင်းများ ပြုလုပ်ပြီး တားဆီးထိန်းသိမ်းခဲ့ကြသည်။ ပြီးခဲ့သည့်လက ကျင်းပခဲ့သည့် သမ္မတရွေးကောက်ပွဲတွင် မဲမသမာမှုများရှိသည်ဆိုသော စွပ်စွဲချက်များ ထွက်ပေါ်လျက်ရှိရာ ဆန္ဒပြသူများက သမ္မတလူကာရှန်ကို ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုသည့် ဆန္ဒပြပွဲများ ကျင်းပလျက်ရှိသည်။


နောက်ပိုင်းတွင် ဆူပူအုံကြွမှု အကြီးအကျယ် ဖြစ်ပွားခဲ့ပြီး အစိုးရက သဘောထားကွဲလွဲသူများကို နှိမ်နင်းရန် ကြိုးပမ်းခဲ့ရာ အနည်းဆုံး လူလေးဦး သေဆုံးခဲ့ပြီး လူရာပေါင်းများစွာ ဒဏ်ရာရခဲ့သည်။ အတိုက်အခံနိုင်ငံရေးသမားအများအပြားမှာ ဘီလာရုစ်နိုင်ငံမှ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ ဖမ်းဆီးအကျဉ်းချမည်ဆိုသော ခြိမ်းခြောက်မှုများ ရင်ဆိုင်နေရခြင်းကြောင့် ပြီးခဲ့သည့်စနေနေ့တွင် တက်ကြွလှုပ်ရှားသူ ကိုဗယ်ကိုဗာက အိမ်နီးချင်း ပိုလန်နိုင်ငံသို့ ဝင်ရောက်ခိုလှုံခဲ့သည်။


၁၉၉၄ ခုနှစ်ကတည်းက ဘီလာရုစ်နိုင်ငံကို ဦးဆောင်ခဲ့သည့် လူကာရှန်ကိုက ယင်းတို့နိုင်ငံအတွင်း မငြိမ်သက်မှုများမှာ အနောက်နိုင်ငံများ၏ ကြားဝင်စွက်ဖက်မှုကြောင့်ဖြစ်သည်ဟု စွပ်စွဲခဲ့ကြသည်။ သို့သော် ငြိမ်းချမ်းသည့်ချီတက်ပွဲများကို အဓိကရုဏ်းနှိမ်နင်းရေးတပ်ဖွဲ့က ရက်ရက်စက်စက် ဖိနှိပ်ခဲ့သည်ဟု ဆန္ဒပြသူများ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ၊ လေ့လာစောင့်ကြည့်သူများက ပြောသည်။                     


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ