နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကယ်လီဖိုးနီးယားတောမီးလောင်ကျွမ်းမှုတွင် ပိတ်မိနေသူ ၂၀၀ ကျော်ကို ရဟတ်ယာဉ်များဖြင့် ကယ်တင်

စက်တင်ဘာ ၇၊ ဝါရှင်တန်


ဧက ၄၅၀၀၀ ကို ဝါးမြိုခဲ့ပြီး ကယ်လီဖိုးနီးယားပြည်နယ်ရှိ နာမည်ကျော် ရေလှောင်တမံနှင့် ဆက်သွယ်ထားသည့်လမ်းကြောင်းကို ပြတ်တောက်စေခဲ့သည့် တောမီးလောင်ကျွမ်းမှုတွင် ပိတ်မိနေသူ ၂၀၀ ကျော်ကို ရဟတ်ယာဉ်များက ကယ်ဆယ်ခဲ့ရကြောင်း အရာရှိများက ပြောသည်။ ယင်းတို့အနက် ၂၀ ဦး ဒဏ်ရာရရှိခဲ့ပြီး အချို့သူများမှာ လောင်ကျွမ်းဒဏ်ရာများ ရရှိခဲ့သည်။ ပြီးခဲ့သည့်သောကြာနေ့က ဆီရီယာအမျိုးသားသစ်တောတွင် Creek Fire တောမီး စတင်လောင်ကျွမ်းခဲ့ရာ ဖရက်စနိုမြို့ အရှေ့မြောက်ဘက် မိုင် ၄၀ အကွာရှိ မန်းမို့ပူးလ်ရေလှောင်တမံသို့ ဆက်သွယ်ထားသည့် လမ်းကြောင်းပြတ်တောက်ခဲ့သည်။


ကယ်လီဖိုးနီးယားပြည်နယ်တွင် စံချိန်တင်အပူလှိုင်းဖြတ်မှုကြောင့် အပူချိန် ၄၇ ဒီဂရီဆဲလ်စီးယက်အထိ ရှိနေသည်။ ပြီးခဲ့သည့်တနင်္ဂနွေနေ့တွင် ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး ဂါဗင်နယူးဆမ်က တောမီးလောင်ကျွမ်းမှုများကြောင့် ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဖရက်စနို၊ မက်ဒီရာ၊ မာရီပိုဆာ၊ ဆန်ဘာနာဒီနို၊ ဆန်ဒီယေဂို စသည့်စီရင်စု ၅ ခုတွင် အရေးပေါ်အခြေအနေ ကြေညာထားသည်။


ကူးစက်လောင်ကျွမ်းမှု မြန်ဆန်သည့် Creek Fire တောမီးမှာ လှေစီးခြင်း၊ ငါးမျှားခြင်း စသည့်လှုပ်ရှားမှုများအတွက် စခန်းချသည့်နေရာနှင့် မည်မျှနီးကပ်နေခြင်းကို မသိခဲ့ကြောင်း အမျိုးသားသစ်တောဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဒန်တူနီက ပြောသည်။ ကယ်လီဖိုးနီးယားသစ်တောနှင့် တောမီးကာကွယ်ရေးဌာန၏ ပြောကြားချက်အရ တောမီးလောင်ကျွမ်းမှုကို လုံးဝငြှိမ်းသတ်နိုင်ခြင်းမရှိသေးပေ။ ကယ်လီဖိုးနီးယားပြည်နယ်တွင် သြဂုတ်လ ၁၅ ရက်နောက်ပိုင်း တောမီးလောင်ကျွမ်းမှု ၁၀၀၀ နီးပါး ဖြစ်ပွားခဲ့ပြီး တောမီးလောင်ကျွမ်းမှုအများအပြားမှာ မိုးကြိုးပစ်ချရာမှ စတင်ခဲ့ခြင်းဖြစ်သည်။                                                                           


  Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ