စက်တင်ဘာ ၆
လက်ကောက်ဝတ်မှာ အဝတ်စည်းထားတာကလွဲပြီး လက်ဗလာဖြင့်ထိုးရတဲ့ ဗလာလက်သီးလက်ဝှေ့ပွဲ (Bare Knuckle)များ ရုရှားမှာ ရေပန်းစားလူကြိုက်များနေပါတယ်။ ပထမဆုံး ဗလာလက်သီးလက်ဝှေ့ပွဲဖြစ်တဲ့ Hardcare Fighting Championship ပြိုင်ပွဲကို မော်စကိုမြို့တော်မှာကျင်းပရာ ပရိသတ်များစွာကြည့်ရှု အားပေးခဲ့ပြီး ကိုဗစ်ရောဂါကာလတွင် Social Distancing ဖြင့် အားပေးခြင်းမရှိတာကြောင့် ဝေဖန်ခံနေရ ပါတယ်။ ထို့အပြင် အနောက်တိုင်းလက်ဝှေ့ကို လက်အိတ်မပါတာကြောင့် ထိုးသတ်သူများရဲ့ မျက်နှာတွေမှာ သွေးသံရဲရဲနဲ့ ထိတ်လန့်ဖွယ်ဒဏ်ရာများ ရရှိနေတာကိုလည်း ဝေဖန်သူများက ထောက်ပြခဲ့ကြပါတယ်။ ယခုပြိုင်ပွဲကို မော်စကိုမြို့တော်၊ သင်္ဘောကျင်းတစ်ခုရှိ Rio-1 အမည်ရ ကုန်သင်္ဘောဝမ်းဗိုက်ထဲမှာ ကျင်းပနေတာဖြစ်ပါတယ်။ ပါဝင်ထိုးသတ်သူများဟာ ဆုကြေးပေါင် ၁၀၀၀၀ အတွက် ဒဏ်ရာအနာတရကို ဂရုမပြုဘဲ အသက်စွန့်ထိုးသတ်နေကြပါတယ်။ လက်သီးဗလာအပြင် သွားဖုံးကာမဝတ်ဘဲ ထိုးသတ်လိုရင်လည်း ခွင့်ပြုထားပါတယ်။ မိမိစိတ်ကြိုက်ရွေးချယ်ခွင့်ပြုထားပါတယ်။ ဗလာလက်သီးပွဲများဟာ မျက်နှာတစ်ခုလုံးဒဏ်ရာများ ပြည့်နှက်နေပေမဲ့ လက်အိတ်ဖြင့် ထိုးသတ်တာထက် ဦ:နှောက်ကို ထိခိုက်မှုနည်းပါးကြောင်း ထောက်ပြခဲ့ကြပါတယ်။ အမေရိကန်မှာအခြေစိုက်တဲ့ Bare Knuckle FC ဆိုရင် မက်ဂရီဂေါ်ရဲ့ လေ့ကျင့်ဘက်ဟောင်း အာတမ်လိုဘော့ဗ်၊ ကမ္ဘာ့လက်ဝှေ့ချန်ပီယံဟောင်း မာလိနက်ဂီ၊ အမျိုးသမီး MMA တိုက်ခိုက်ရေးမယ် ဗန်ဇန့်နဲ့ MMA ကစားသမားအချို့ကိုလည်း စာချုပ်ချုပ်ဆိုထားပါတယ်။
(SO)