စက်တင်ဘာ ၆
ဝုလ်ဗ်အသင်းက ပေါ်တူဂီလူငယ်ကြယ်ပွင့် ဖေဘီယိုဆေးလ်ဗားကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် အပြီးသတ်ခေါ်ယူလိုက်ပြီဖြစ်ကြောင်း သိရသည်။
အသက် ၁၈ နှစ်အရွယ်ရှိ ဖေဘီယိုဆေးလ်ဗားကို ဝုလ်ဗ်အသင်းက ပေါင် ၃၅ သန်းဖြင့် ပေါ်တိုအသင်းမှ ခေါ်ယူ လိုက်နိုင်ပြီဖြစ်ကြောင်း အသင်း၏ ဝက်ဘ်ဆိုက်တွင် ကြေညာခဲ့ခြင်းဖြစ်သည်။
ဆေးလ်ဗားသည် ပေါ်တူဂီလိဂ် ပေါ်တိုအသင်းတွင် ၁၈၂ မိနစ်သာ ကစားခဲ့ရသော်လည်း သွင်းဂိုး ၃ ဂိုး သွင်းယူ ပေးထားသည်။ ဆေးလ်ဗားသည် စီနီယာအသင်းကြီးတွင် အသက် ၁၇ နှစ်နှင့် ၂၂ ရက်မှာပင် ပွဲထွက်ကစားခဲ့ ပြီး ပေါ်တိုအသင်းအတွက် အသက်အငယ်ဆုံး ကစားသမားဖြစ်စေခဲ့သည်။
ဝုလ်ဗ်အသင်းက အသက် ၁၈ နှစ်အရွယ်ရှိ ဆေးလ်ဗားကို အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ကြည့်ပြီးမှ ယခုကဲ့သို့ ခေါ်ယူခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ရဲ့ လူခေါ်ယူမှုအဖွဲ့က ဖေဘီယိုကို ပေါ်တူဂီ အသက် ၁၆ နှစ်အောက် အသင်းမှာကတည်းက စောင့်ကြည့်ခဲ့တာပါ။ အဲ့ကောင်လေးဟာ သူ့အသက်အရွယ်နဲ့ ဥရောပမှာ အကောင်းဆုံး ကျောနံပါတ် (၉) ဖြစ်တယ်လို့ ခံစားခဲ့ရလို့ ခေါ်ယူခဲ့တာပါ”ဟု အသင်းပိုင်ရှင် ဂျက်ဖ်ရှီက ပြောကြားခဲ့သည်။
(ဝင်းလွင်)