နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘေရွတ်မြို့ အပျက်အစီးများအောက်တွင် ပိတ်မိနေဖွယ်ရှိသူမှာ အသက်ရှင်သည့် အရိပ်အယောင် မရှိတော့ဟု ဆို

စက်တင်ဘာ ၂၊ ဘေရွတ်


ပြီးခဲ့သည့်လက ဧရာမပေါက်ကွဲမှုကြောင့် ပျက်စီးခဲ့သည့် အဆောက်အအုံ အပျက်အစီးများအောက်တွင် အသက်ရှင်သူရှိနေသည့် အရိပ်အယောင်မတွေ့ရတော့ကြောင်း ဘေရွတ်မြို့မှ ကယ်ဆယ်ရေးအဖွဲ့ဝင်များက ပြောသည်။ ပြီးခဲ့သည့်ကြာသပတေးနေ့က အာရုံခံကိရိယာဖြင့် စစ်ဆေးချိန်တွင် အသက်ရှင်သူရှိနေသည့် လက္ခဏာတွေ့ရသော်လည်း အပျက်အစီးအပိုင်းအစ ၉၅ ရာခိုင်နှုန်းကို ရှင်းလင်းဖယ်ရှားပြီးချိန်တွင် အာရုံခံကိရိယာ၌ ဖော်ပြသည့် အသက်ရှူသံမှာ မည်သည့်နေရာမှ ထွက်ပေါ်ခဲ့သည်ဆိုခြင်းကို မတွေ့ရသေးပေ။ 

ချီလီနိုင်ငံ၏ ကယ်ဆယ်ရေးအဖွဲ့နှင့်အတူ ပါလာသည့် ခွေးတစ်ကောင်က မားမီခေးရပ်ကွက်ရှိ ပြိုကျနေသည့် အဆောက်အအုံရှေ့မှ ဖြတ်သွားချိန်တွင် အသက်ရှင်သူရှိနေသည့် အမူအရာပြသခဲ့၍ မြေအောက်အနက် ၄၉ ပေအထိ အာရုံခံနိုင်စွမ်းရှိသည့် အသံဖမ်းကိရိယာဖြင့် စစ်ဆေးချိန်တွင် အသက်ရှူသံကြားခဲ့ရသည်။ ထို့ကြောင့် အသက်ရှင်လျက် ပိတ်မိနေသူတစ်ဦး ရှိနေမည်ဟု ယူဆကာ ရှာဖွေမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါနေရာတွင် ချီလီနိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့အပါအဝင် လုပ်အားပေး ၅၀ နီးပါး ပါဝင်လျက်ရှိသည်။ ယခုနောက်ဆုံး တွေ့ရသည့်အခြေအနေအရ အပျက်အစီးများအောက်တွင် ပိတ်မိနေဖွယ်ရှိသူကို အသက်ရှင် လျက် ကယ်တင်နိုင်မည့် မျှော်လင့်ချက်ကုန်ဆုံးလုနီးပါး ဖြစ်သွားပြီဟု ဆိုသည်။ 

သြဂုတ်လ ၄ ရက်က ဘေရွတ်မြို့ ဆိပ်ကမ်းတွင် သိုလှောင်ထားသည့် အမိုးနီးယန်းနိုက်ထရိတ် အလေးချိန် ၂၇၅၀ တန် ပေါက်ကွဲမှုကြောင့် ဘေရွတ်မြို့ တစ်မြို့လုံးနီးပါး အပျက်အစီးပုံဘဝ ရောက်ခဲ့ပြီး လူ ၂၀၀ ကျော် သေဆုံးကာ လူထောင်ပေါင်းများစွာ ဒဏ်ရာရခဲ့သည်။                                          Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ