နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိုင်ဖွန်းမုန်တိုင်းကြောင့် သေဆုံးသူများရှိခဲ့၍ ဒေသခံအာဏာပိုင်များကို မြောက်ကိုရီးယား အရေးယူမည်

စက်တင်ဘာ ၆၊ ပြုံယမ်း


ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က မြောက်ကိုရီးယားနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းကို တိုင်ဖွန်းမုန်တိုင်း ဝင်ရောက် တိုက်ခတ်ချိန်တွင် အသက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ဒေသခံအရာရှိများကို အပြစ်ပေးအရေးယူမည်ဟု မြောက်ကိုရီးယားအာဏာရပါတီ၏ သတင်းစာတွင် ဖော်ပြထားသည်။ ဝမ်ဆန်မြို့ အာဏာပိုင်များအနေဖြင့် တိုင်ဖွန်းမုန်တိုင်း မေဆက် (Maysak) တိုက်ခတ်မည့် အခြေအနေကို ကြိုတင်ပြင်ဆင်ရန် ပျက်ကွက်ခဲ့ကြောင်း၊ တာဝန်မဲ့သည့် စိတ်သဘောထားရှိကြောင်း အလုပ်သမားပါတီ၏ အာဘော်ဖြစ်သည့် Rodong Sinmun သတင်းစာတွင် ရေးသားထားသည်။

တိုင်ဖုန်းမုန်တိုင်း မေဆက်ကြောင့် သေဆုံးသူ၊ ပျောက်ဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူ မည်မျှရှိသည် ဆိုသည့်အချက်ကို Rodong Sinmun သတင်းစာက ဖော်ပြခြင်းမရှိပေ။ သို့သော် လူဒါဇင်ပေါင်းများစွာ သေဆုံးခဲ့သည်ဟု ဆိုသည်။ ဒေသခံအာဏာပိုင်များက အာဏာရပါတီ၏ ညွှန်ကြားချက်များကို လိုက်နာခဲ့ခြင်းမရှိဟု ဆိုသည်။ '' လူသေဆုံးမှုတွေအတွက် တာဝန်ရှိသူတွေကို ပါတီဆိုင်ရာ၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာ၊ ဥပဒေကြောင်းဆိုင်ရာ ပြစ်ဒဏ် ပြင်းပြင်းထန်ထန် ချမှတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်''ဟု  ရေးသားထားသည်။ မြောက်ကိုရီးယားနိုင်ငံတွင် တိုင်ဖွန်းမုန်တိုင်း ဘာဗီ(Bavi) တိုက်ခတ်ခဲ့ပြီးနောက် ရက်သတ္တပတ်အကြာတွင် တိုင်ဖွန်းမုန်တိုင်း မေဆက် တိုက်ခတ်ခဲ့ခြင်းဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံတွင် တိုင်ဖွန်းမုန်တိုင်း မေဆက် ကြောင့် အနည်းဆုံး လူနှစ်ဦး သေဆုံးခဲ့ပြီး ဘူဆန်မြို့မှ လူ ၂၂၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။                                                                                            Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ