နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာ့မျိုးရင်း ရှားပါးလိပ်တစ်မျိုးကို မျိုးပွားစေရန် သိပ္ပံပညာရှင်များလုပ်ဆောင်

ရန်ကုန်   စက်တင်ဘာ  ၆ 


ပြုံးနေသယောင်မျက်နှာရှိသော မြန်မာ့မျိုးရင်း ရှားပါးလိပ်တစ်မျိုးကို မျိုးသုဉ်းလုဆဲဆဲအခြေအနေမှ နှစ်ပေါင်း ၂၀ ခန့်အကြာတွင် ပြန်လည်တိုးပွားလာစေရန် မျိုးပွားပေးနိုင်ခဲ့ကြောင်း တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးအဖွဲ့အစည်း (Wildlife Conservation Society)မှ သိရသည်။

အဆိုပါ ရှားပါးလိပ်မျိုး အကောင်ရေအနည်းငယ်ကို သိပ္ပံပညာရှင်များက မြန်မာနိုင်ငံတွင်ခက်ခက် ခဲခဲလိုက်လံရှာဖွေခဲ့ပြီးနောက် အကောင်ရေ ၁၀ဝ၀ နီးပါးအထိ မျိုးပွားပေးနိုင်ခဲ့ကြောင်း၊ ယင်းသို့ အချိန်မီ မထိန်းသိမ်းနိုင်ခဲ့ပါက ယခုအခါ ထိုလိပ်မျိုးစိတ်များသည် မျိုးသုဉ်းသွားလောက်ပြီဖြစ် ကြောင်း တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးအဖွဲ့အစည်း(Wildlife Conservation Society)မှ ကုန်းနေ၊ ရေနေသတ္တဝါမျိုးစိတ် လေ့လာရေးပညာရှင် Steven Platt က ပြောသည်။

ထိုသို့ မျိုးပွားရာတွင် သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိခဲ့သော လက်ကျန်ရှားပါးလိပ်မျိုး အကောင်ရေ အနည်းငယ်ကို ယင်းတို့အတွက် အဆင်ပြေစေမည့် သဘာဝပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးကာစောင့်ကြည့် ပြီးနောက် ယခုကဲ့သို့အကောင်ရေတစ်ထောင်ကျော်အထိ သဘာဝအတိုင်း ပြန်လည်မျိုးပွားပေးနိုင်ခဲ့ကြောင်း သိရသည်။

ယခင်က အဆိုပါလိပ်မျိုးများကို ရာနှင့်ချီကာ ရန်ကုန်မြို့တောင်ဘက် ဧရာဝတီမြစ်ထဲတွင် တွေ့မြင်ခဲ့ ရသော်လည်း မသင့်လျော်သော ငါးဖမ်းနည်းများကြောင့် ထိုလိပ်မျိုးများ သေဆုံးခဲ့ရကာ ၁၉၉၀ ပြည့်နှစ် နောက်ပိုင်းတွင် မျိုးသုဉ်းသွားခဲ့ပြီဟု ယူဆခဲ့ကြကြောင်း၊ နောက်ပိုင်းတွင် သုတေသနပညာရှင်များက မြန်မာ့သစ်တောဦးစီးဌာနမှ ခွင့်ပြုချက်ရယူကာ ပြည်တွင်းပြည်ပမှ သိပ္ပံပညာရှင်များ ပူးပေါင်းရှာဖွေခဲ့ကြရာ ထိုရှားပါးလိပ်မျိုး ၃ ကောင်ကို ပြန်ရှာတွေ့ခဲ့ပြီးနောက် ယခုကဲ့သို့ ပြန်လည်မျိုးပွားနိုင်ခဲ့ခြင်းဖြစ်ကြောင်း  သိရသည်။

ယင်းသို့ မျိုးပွားနိုင်ခဲ့သော မြန်မာ့မျိုးရင်း ရှားပါးလိပ်များကို မြန်မာ့သစ်တောဦးစီးဌာနသို့ လွှဲပြောင်း ပေးခဲ့ပြီး ယခုအခါမြန်မာနိုင်ငံရှိ တိရစ္ဆာန်ဥယျာဉ်များတွင် ဆက်လက်မွေးမြူကာ ဂရုတစိုက်ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။                            

(မိုးယံထက်)






အခြားဆက်စပ်သတင်းများ