နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ရောဂါကာကွယ်ရေးစည်းကမ်းချက်များအား လိုက်နာခြင်းမရှိသော ညမထွက်ရ အချိန်ကျော်လွန်သွားလာနေမှုများ၊ KTV, Bar, အနှိပ်ခန်းများကို ဆက်လက်ဖော်ထုတ် အရေးယူလျက်ရှိ

နေပြည်တော် စက်တင်ဘာ ၅


 COVID-19 ရောဂါကူးစက်နိုင်မှု ဖြစ်နိုင်ခြေအများဆုံး အခြေအနေရှိပြီး သတ်မှတ် စည်းကမ်းချက်များအား လိုက်နာခြင်းမရှိသည့် KTV/ Bar/အနှိပ်ခန်းများဖွင့်လှစ်နေမှုကို ထိရောက်စွာ ထိန်းချုပ်နိုင်ရေးနှင့် ညမထွက်ရ အချိန်ကျော်လွန် သွားလာနေမှုများကို ဆက်လက်စိစစ်ဖော်ထုတ် အရေးယူဆောင်ရွက်မှုများ ပြုလုပ်နေကြောင်းနှင့် မြို့နယ်/ရပ်ကွက်များအတွင်းတွင် စည်းကမ်းလိုက်နာမှုမရှိသည့် ၎င်းလုပ်ရပ်များကို ဆောင်ရွက်နေခြင်းအား သတင်းဖော်ထုတ်မှု၊ စိစစ်ကြပ်မတ်မှု အလေးထားဆောင်ရွက်ရန် နယ်မြေတာဝန်ခံရဲတပ်ဖွဲ့ဝင်များကိုလည်း တွန်းအားပေးဆောင်ရွက်လျက် ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 ဆက်လက်ဖော်ထုတ်စိစစ်ချက်အရ စက်တင်ဘာ ၄ ရက်တွင် မွန်ပြည်နယ်ရှိ မော်လမြိုင်နှင့် ရေးမြို့နယ် တို့အတွင်း၌ KTV ဆိုင်တစ်ဆိုင်၊ တရားမဝင် အနှိပ်ခန်းတစ်ခန်းမှ ပိုင်ရှင်၊ ဆိုင်ဝန်ထမ်း၊ ဧည့်သည်နှင့် အကူသီဆိုသူ၊ အနှိပ်သမ စုစုပေါင်း ၁၁ ဦး၊ ရန်ကုန်တိုင်းဒေသကြီးရှိ မှော်ဘီ၊ ကမာရွတ်နှင့် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်တို့အတွင်း၌ KTV/ Bar ဆိုင်နှစ်ဆိုင်၊ တရားမဝင် အနှိပ်ခန်းတစ်ခန်းမှ မန်နေဂျာ၊ ဆိုင်ဝန်ထမ်း၊ အနှိပ်သမများ၊ လာရောက်သီဆိုသူနှင့် အကူသီဆိုသူ စုစုပေါင်း ၂၂ ဦးတို့အား ဖမ်းဆီးရမိခဲ့၍ သက်ဆိုင်ရာမြို့နယ်များ၌ ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိသည်။

 ယခုတစ်ပတ်အတွင်း ပြည်နယ်၊ တိုင်းဒေသကြီးအသီးသီး၌ ညမထွက်ရအချိန်ကျော်လွန် သွားလာသူ များကိုလည်း စိစစ်အရေးယူဆောင်ရွက်မှုများ ပြုလုပ်ခဲ့ရာ ရာဇသတ်ကြီးပုဒ်မ(၁၈၈)ဖြင့် အရေးယူခဲ့ရသည့် အမှုပေါင်း  ၈၅၆ မှုနှင့်ကျူးလွန်သူ အမျိုးသား ၁၆၂၆ ဦး၊ အမျိုးသမီး ၈၂ ဦး၊ စုစုပေါင်း ၁၇၀၈ ဦးကို အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။  


ဆွေဦး






အခြားဆက်စပ်သတင်းများ