ရန်ကုန်၊ စက်တင်ဘာ ၅
ပြည်တွင်း၌ COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုအခြေအနေကြောင့် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကျင်းပပြုလုပ်မည့်ရက်ကို လတ်တလော ရွှေ့ဆိုင်းရန်မရှိသေးသော်လည်း နယ်မြေမအေးချမ်းသော ကြောင့် ရွေးကောက်ပွဲရွှေ့ဆိုင်းမည့်ဒေသများ၊ ရွေးကောက်ပွဲမကျင်းပဖြစ်သောဒေသများစာရင်းကို လာမည့် အောက်တိုဘာလတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တရားဝင် ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲရွှေ့ဆိုင်းမည့်ဒေသများ၊ ရွေးကောက်ပွဲမကျင်းပဖြစ်သောဒေသများထဲတွင် "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ရခိုင်ပြည်နယ်မှ မဲဆန္ဒနယ်အချို့ ပါဝင်နိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခုအခါ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနှင့် COVID-19 ကပ်ရောဂါ ကူးစက်ကာလအတွင်း ကျင်းပပြုလုပ်မည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေး အတွက် မဲဆန္ဒနယ်မြေတိုးချဲ့ခြင်း၊ မဲရုံအရေအတွက် တိုးမြှင့်ခြင်းများဆောင်ရွက်ရန်အပြင် မဲဆွယ်စည်းရုံးမှုများ အတွက်လည်း တိကျသောစည်းကမ်းချက်များထုတ်ပြန်သွားရန် ပြင်ဆင်ဆောင်ရွက်နေကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် လက်ရှိ တည်ဆဲမှတ်ပုံတင်ထားသော နိုင်ငံရေးပါတီပေါင်း ၉၄ ပါတီရှိပြီး ယင်းတို့ထဲမှ လာမည့်ရွေးကောက်ပွဲအတွက် နိုင်ငံတစ်ဝန်းတွင် စည်းရုံးရေးဆင်းမည့် နိုင်ငံရေးပါတီပေါင်း ၇၆ ပါတီနှင့် တိုင်းဒေသကြီး/ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးရေးဆင်းမည့်ပါတီ ၁၈ ပါတီရှိကြောင်း သိရသည်။
ထို့အပြင် ယာယီရပ်ဆိုင်းထားသော နိုင်ငံရေးပါတီ ၂ ပါတီရှိပြီး ယခုလက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ဆက်သွယ်ဆောင်ရွက်နေသော နိုင်ငံရေးပါတီပေါင်း ၉၂ ပါတီရှိကြောင်းသိရသည်။
(မိုးယံထက်)