စက်တင်ဘာ ၅
ဘောလုံးအားကစားဆိုတာ ကာယပိုင်းကြံ့ခိုင်တောင့်တင်းမှုနဲ့တိုက်ရိုက်ပတ်သက်နေပါတယ်။ ဘောလုံးမှာ ဉာဏ်ပညာ၊ အမြင်၊ စိတ်ဓာတ်၊ ကျွမ်းကျင်မှု၊ နည်းစနစ်စတဲ့အရာတွေ လိုအပ်ပါတယ်။ ကိုယ်ကာယပိုင်းကလည်း အရေးကြီးပါတယ်။ ကိုယ်ကာယပိုင်းကြံ့ခိုင်တောင့်တင်းမယ်၊ အပြေးမြန်မယ်ဆိုရင် အခြားအားကစားသမား တွေထက်ပိုအားသာတာမျိုးရှိတတ်ကြပါတယ်။ မီဒီယာတွေကလည်း သူတို့လက်လှမ်းမီရာ အချက်အလက်တွေ စုဆောင်းမှတ်တမ်းတွေကိုးကားပြီး အမြန်ဆုံးအားကစားသမားကို သတ်မှတ်ဖော်ပြလေ့ရှိကြပါတယ်။
ပြင်သစ်အခြေစိုက် LeFigaro မဂ္ဂဇင်းက တွက်ချက်ဖော်ပြတဲ့ ကမ္ဘာ့အမြန်ဆုံးဘောလုံးသမားကတော့ PSG တိုက်စစ်မှူး အမ်ဘာပေပဲဖြစ်ပါတယ်။ အမ်ဘာပေရဲ့ တစ်နာရီပြေးအားက ၃၆ ကီလိုမီတာနှုန်းဖြစ်ပါတယ်။ အမ်ဘာပေဟာ အသက် ၂၁ နှစ်သာရှိသေးတာကြောင့် အလျင်အမြန်ဆုံးအချိန်ရောက်ရှိနေသလို သူ့ရဲ့ ဘောလုံး ကျွမ်းကျင်မှု၊ ဂိုးသွင်းစွမ်းရည်တို့နဲ့ ပေါင်းစပ်လိုက်ရင် ကမ္ဘာ့စျေးအကြီးဆုံးစာရင်းဝင် ကစားသမား ဖြစ်လာခဲ့ပါတယ်။ အမ်ဘာပေဟာ ပြင်သစ် လီဂူး−၁ ဖလား၊ ကမ္ဘာ့ဖလားတွေရရှိထားခဲ့ပြီး တစ်ဖက် နောက်ခံလူတွေကို အိပ်မက်ဆိုးတွေမက်သွားရအောင် ဖန်တီးနိုင်စွမ်းရှိပါတယ်။ ကမ္ဘာ့အမြန်ဆုံးလူသား အူစိန်ဘို့သ်ကတောင် ဘောလုံးလောကရဲ့ အမြန်ဆုံးကစားသမား ၃ ဦးစာရင်းမှာ ထည့်သွင်းထားခဲ့ပါတယ်။
အမ်ဘာပေရဲ့ နောက်ဒုတိယနေရာမှာတော့ ဘီဘာအိုရဲ့ စပိန်ကစားသမား အီနာကီဝီလျံပါပဲ၊ ဥရောပ အသင်းကြီးများစွာရဲ့စိတ်ဝင်စားမှုကို ခံရပေမဲ့ ဘီဘာအိုနဲ့ စာချုပ်သစ်ချုပ်ဆိုထားတဲ့ အီနာကီဝီလျံဟာ စပိန်ရဲ့ အလားအလာအကောင်းဆုံးကစားသမားတွေထဲမှာ ပါဝင်လျက်ရှိပါတယ်။ အသက် ၂၅ နှစ်အရွယ် အီနာကီဝီလျံဟာ ပြေးနှုန်းမြန်ဆန်လှပေမဲ့ ခြေစွမ်းမတည်ငြိမ်သလို ဂိုးသွင်းစွမ်းရည်လည်း အနည်းငယ် လျော့ကျနေပါတယ်။ ဒီအချက်တွေကိုသာ ပြင်ဆင်နိုင်မယ်ဆိုရင် သူလည်း ထိပ်တန်းကစားသမားတစ်ဦး ဖြစ်လာမှာပါ။ သူရဲ့တစ်နာရီပြေးနှုန်းက ၃၅ ဒသမ ၇ ကီလိုမီတာဖြစ်ပါတယ်။
(SO)