စက်တင်ဘာ ၅
အေတီကိုအသင်း တိုက်စစ်မှူး ဒီယေဂိုကော်စတာနှင့် ခံစစ်ကစားသမား ဆန်တီယာဂိုတို့ နှစ်ဦးမှာ COVID-19 ရောဂါ ကူးစက်ခံထားရကြောင်း သိရသည်။
အေတီကိုအသင်းသည် ရာသီကြိုခြေစမ်းပွဲစဉ်အတွက် လေ့ကျင့်ရေးအစီအစဉ်များပြုလုပ်ရန် အသင်းရှိ ကစားသမားများ၊ ဝန်ထမ်းများနှင့် နည်းပြအဖွဲ့ဝင်များကို ဆေးစစ်မှုပြုလုပ်ခဲ့ရာ ကော်စတာနှင့် ဆန်တီယာဂို တို့သည် COVID-19 ရောဂါ ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး ယင်းတို့နှစ်ဦးကို ကျန်းမာရေးဝန်ကြီး ဌာန၏ ညွှန်ကြားချက်အတိုင်း သီးသန့်ထားရှိကာ ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေးနေကြောင်း သိရသည်။
“အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်တွေ ပြန်လည်စတင်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက ၂၀၂၀-၂၀၂၁ ခုနှစ် အတွက် ဘောလုံးအသင်းတိုင်း လိုက်နာလုပ်ဆောင်ရမယ့် ညွှန်ကြားချက်အရ လိုအပ်တဲ့ စစ်ဆေးမှုများကို လုပ်ဆောင်ခဲ့ပါတယ်။ အခုလောလောဆယ်တော့ လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံခဲ့ရတဲ့ ကစားသမား တွေကလွဲလို့ ကျန်ကစားသမားတွေကို ဆေးစစ်မှုပြုလုပ်ခဲ့ပါတယ်။ ဆေးစစ်မှုအရ ကော်စတာနဲ့ ဆန်တီယာဂို တို့ဟာ COVID-19 ရောဂါ ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ပါတယ်။ သူတို့ နှစ်ယောက်စလုံးကို ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အတိုင်း သီးသန့်ထားရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေခံယူနေပါတယ်”ဟု အေတီကိုအသင်းက ထုတ်ပြန်ခဲ့သည်။
(သူရိန်)