ရန်ကုန် စက်တင်ဘာ ၅
ပြည်တွင်းစျေးကွက်၌ ရောင်းချနေသော စားသုံးရန်မသင့်သည့် အမှတ်တံဆိပ်ပါ စားသောက်ကုန် ၆ မျိုးနှင့်ပတ်သက်၍ အများပြည်သူသိရှိစေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA)မှ အသိပေးကြေညာချက် ထုတ်ပြန်ထားကြောင်း သိရသည်။
ပြည်တွင်းရှိ ပြည်သူများအနေဖြင့် အရည်အသွေး စစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ် ကင်းရှင်းသော ဆေးဝါးများ၊ စားသောက်ကုန်များ၊ အလှကုန် ပစ္စည်းများကိုသာ ၀ယ်ယူသုံးစွဲနိုင်စေရန် စျေးကွက်များအတွင်းရှိ ကုန်ပစ္စည်းများကို အရည်အသွေးစိတ်ချရပြီး ဘေးဥပဒ်ကင်းရှင်းစေရေးအတွက် သက်ဆိုင်ရာမှ ဓာတ်ခွဲ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။
အဆိုပါ ဓာတ်ခွဲစမ်းသပ် စစ်ဆေးမှုများကို ကျန်းမားရေးနှင့် အားကစား ၀န်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA)မှ ကြီးမှူးဆောင်ရွက်လျက်ရှိပြီး ထိုကဲ့သို့ ဆောင်ရွက်ရာတွင် ပြည်တွင်းစျေးကွက်၌ တွေ့ရသော အမှတ်တံဆိပ်ပါ စားသောက်ကုန် ၆ မျိုးတွင် စားသုံးသူများ၏ ကျန်းမာရေးကို အန္တရာယ်ဖြစ်စေနိုင်သော ခွင့်မပြုဆိုးဆေးများ ပါ၀င်နေခြင်း၊ ခွင့်ပြုထားသော ဓာတုပစ္စည်း များ သတ်မှတ်ပမာဏထက် ပိုမိုပါ၀င်နေခြင်းများ စစ်ဆေးတွေ့ရှိရသည့်အတွက် အများပြည်သူ စားသုံးရန် မသင့်သော စားသောက်ကုန်များအဖြစ် အသိပေးကြေညာထားသည်။
ထိုစားသောက်ကုန်ပစ္စည်း ၆ မျိုးတွင် "လားရှိုး" ပဲငပိ၊ "အိအိပို" ငရုတ်သီးအနုမှုန့်၊ "ရေပုံးရှောက်" ရှောက်သီးဆေးပြား၊ "ASA" ကော်ဖီဂျယ်လီ၊ "RIGHT SKY" Bayberry ၊ "ရွှေနှစ်" မက်မန်းသီးနှင့် သစ်သီးယိုစုံ စသည်တို့ပါ၀င်ကြောင်း သိရသည်။
စားသောက်ကုန်များတွင် စားသုံးသူများအား ဘေးဥပဒ်ဖြစ်စေနိုင်သော ဓာတုဗေဒပစ္စည်းများနှင့် ခွင့်မပြုဆိုးဆေးများ ထည့်သွင်းအသုံးပြုခြင်း၊ ခွင့်ပြုထားသော ဓာတုပစ္စည်းများကို သတ်မှတ်ပမာဏထက် ပိုမိုသုံးစွဲခြင်းတို့ကို သက်ဆိုင်ရာမှ တားမြစ်ထားပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက အမျိုးသားအစား အသောက် ဥပဒေပုဒ်မ - ၂၈(က)အရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ အသိပေးကြေညာချက်တွင် ဖော်ပြထားသည်။
ကိုဆောင်း(ဥက္ကလာ)