ရန်ကုန်၊ စက်တင်ဘာ ၅
COVID-19 ကပ်ရောဂါကာလအတွင်း လူဦးရေထူထပ်သည့် မြို့ကြီးများတွင် ကိုယ်အပူချိန်စစ်ဆေးမှုများ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နိုင်ရန်အတွက် ရွေ့လျားကိုယ်အပူချိန်တိုင်းစက် ၆ လုံးကို ကမ္ဘောဇဘဏ်မှ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ ပေးအပ်လှူဒါန်းခဲ့သည်။
အဆိုပါစက်များကို စက်တင်ဘာ ၄ ရက်က ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး စုစုပေါင်းတန်ဖိုးငွေမှာ ငွေကျပ် သိန်း ၁၂၀၀ ရှိသည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တွင် ကိုယ်အပူချိန်တိုင်းစက် ၄ လုံးရှိပြီးဖြစ်သည့်အတွက် ယခု ၆ လုံးနှင့်ဆိုလျှင် ကိုယ်အပူချိန်တိုင်းစက် ၁၀ လုံးရှိသွားပြီဖြစ်သည်။
ယင်းရွေ့လျားကိုယ်အပူချိန်စစ်ဆေးယာဉ် ၁၀ စီးဖြင့် စက်တင်ဘာဒုတိယပတ်မှစတင်၍ ကိုယ်အပူချိန် စစ်ဆေးမှုများလုပ်ဆောင်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး ယာဉ်တစ်စီးလျှင် နေ့စဉ် ပျမ်းမျှ လူဦးရေ ၃၀၀၀ ခန့်ကို အပူချိန်စစ်ဆေးမှုပြုလုပ်နိုင်မည်ဖြစ်သည်။
ယခုကဲ့သို့ ယာဉ်တစ်စီးလျှင် ပျမ်းမျှလူဦးရေ ၃၀၀၀ ခန့် စစ်ဆေးနိုင်မည်ဖြစ်သည့်အတွက် ယာဉ် ၁၀ စီး ဖြင့် နေ့စဉ် လူဦးရေ ၃၀၀၀၀ ခန့်၊ တစ်လလျှင် လူဦးရေ ၉၀၀၀၀၀ ခန့်ကို ကိုယ်အပူချိန်စစ်ဆေးမှုများ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ကျော်စိုးသူ(City News)