ရန်ကုန်၊ စက်တင်ဘာ ၅
COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလတွင် အမိန့်၊ ညွှန်ကြားချက်နှင့် စည်းမျဉ်းစည်းကမ်း များကို မလိုက်နာ၍ အရေးယူထားသူ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် နှစ်သောင်းနီးပါးရှိကြောင်း နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။
ယခုကဲ့သို့အရေးယူရာတွင် ကူးစက်ရောဂါတားဆီးနှိမ်နင်းရေးဥပဒေဖြင့် အရေးယူထားသူ ၁၃၉၀၈ ဦး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူထားသူ ၂၈၂ ဦး၊ ရာဇသတ်ကြီးပုဒ်မ ၁၈၈ ဖြင့် အရေးယူထားသူ ၅၅၇၀ ဦးရှိသည်ဟု ယင်းကပြောသည်။
အရေးယူရသည့်အကြောင်းအရင်းများမှာ Quarantine မှထွက်ပြေးခြင်း၊ ပြည်ပမှအသိမပေးဘဲ ပြန်ဝင်လာခြင်း၊ လူစုလူဝေးပြုလုပ်ခြင်း၊ Mask မတပ်ဘဲသွားလာခြင်း၊ Quarantine ကာလတွင် အရက်သေစာ သောက်စားမူးရစ်ခြင်းများကြောင့် ဖြစ်သည်။
ထို့ပြင် စားသောက်ဆိုင်များဖွင့်လှစ်ခြင်း၊ မင်္ဂဆောင်များကျင်းပခြင်း၊ ဆေးရုံမှထွက်ပြေးခြင်း၊ မဟုတ်မမှန် သတင်းမှားများဖြန့်ချိခြင်း၊ ဘာသာရေးဝတ်ပြုခြင်း၊ ဆန္ဒပြခြင်း၊ ညမထွက်ရအမိန့်ကိုဖောက်ဖျက်ခြင်းများ ကြောင့် အရေးယူမှုများလည်း ပါဝင်သည်။
KTV ၊ Night Club ၊ Bar များကို ဖွင့်လှစ်ခဲ့သည့်အတွက် ဧပြီ ၂၀ ရက်မှ ဩဂုတ် ၃၀ ရက်အထိ ကူးစက်ရောဂါ တားဆီးနှိမ်နင်းရေးဥပဒေဖြင့် အရေးယူထားသူ ၉၂ ဦး၊ စက်တင်ဘာ ၂ ရက်မှ ၃ ရက်အထိ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူထားသူ ၄၅ ဦးရှိသည်ဟုလည်း ဦးဇော်ဌေးက ပြောသည်။
ကျော်စိုးသူ(City News)