စက်တင်ဘာ ၅
ငယ်ရွယ်စဉ်ကပင် ကိုယ်လက်လှုပ်ရှားခြင်းကြောင့် အသက်အရွယ်ရလာပါက ဦးနှောက်စွမ်းရည်များ ထိခိုက်လျော့ကျမှုကို ကာကွယ်နိုင်ကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသည်။
ပညာရေး၊ ကိုယ်လက်လှုပ်ရှားမှုနှင့် နေထိုင်မှုပုံစံများသည် ဦးနှောက်စွမ်းရည် ထိခိုက်မှုနှင့် ဆက်စပ်နေ သည်။ စဉ်းစားတွေးတောမှုဆိုင်ရာ စွမ်းရည်အားကောင်းသူများသည် ဇရာကြိုရောဂါနှင့် လေဖြတ်ခြင်းကဲ့သို့ ရောဂါများကြောင့် ဖြစ်ပေါ်လာနိုင်သော အာရုံကြောဆိုင်ရာအဆင့်လျော့ကျမှုအန္တရာယ် နည်းပါးကြောင်း လေ့လာမှု များစွာက ဖော်ပြသည်။
ကနေဒါနိုင်ငံ၊ တိုရွန်တိုတက္ကသိုလ် သုတေသီများက ဓာတ်ခွဲခန်းအတွင်း ကြွက်များဖြင့်လေ့လာရာတွင် ငယ်ရွယ်စဉ်ကပင် လေ့ကျင့်ခန်းလုပ်ခြင်းသည် အရွယ်ကြီးလာချိန်၌ ဦးနှောက်စွမ်းရည် ထိခိုက်ကျဆင်းမှုကို ကာကွယ်နိုင်ကြောင်း တွေ့ရှိခဲ့သည်။
လူသားများတွင်လည်း ငယ်ရွယ်စဉ်ကပင် ကိုယ်လက်လှုပ်ရှားခြင်းကြောင့် အသက်အရွယ်နှင့် ဆက်စပ်သော ဦးနှောက်စွမ်းရည် လျော့ကျမှုကာကွယ်နိုင်ခြေရှိသည်ဟု သုတေသီများက ပြောကြားသည်။ ကိုယ်လက်လှုပ်ရှားခြင်းကြောင့် အာရုံကြောဆိုင်ရာ ထိခိုက်မှုများကိုကာကွယ်ပြီး မှတ်ဉာဏ်လျော့ကျမှုကို တားဆီးနိုင်သည်။
(သူရိန်)