ရန်ကုန် စက်တင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်အတွင်းရှိ ပြည်သူများကို COVID-19 ရောဂါပိုး ကူးစက်ခံရမှု မရှိစေရေးနှင့် အချိန်မီကာကွယ်ထိန်းသိမ်းနိုင်ရေးအတွက် အရေးပေါ်ကိစ္စပေါ်ပေါက်ပါက သက်ဆိုင်ရာခွင့်ပြု ချက်အရမှအပ နေ့စဉ် ည ၁၂ နာရီမှ နောက်တစ်နေ့နံနက် ၄ နာရီအထိ ညမထွက်ရဒေသန္တရအမိန့်ကို ရန်ကုန်တိုင်းဒေသကြီးအတွင်း ထုတ်ပြန်ထားရှိမှုကို ရပ်ကွက်ပေါင်း ၂၇ ရပ်ကွက်၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စီမံမှုဖြင့် ပြည်သူများသိရှိအောင် အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ညမထွက်ရဒေသန္တရအမိန့် ထုတ်ပြန်ထားသော်လည်း ပြည်သူအချို့မှာ ဖောက်ဖျက်ကျူးလွန်လျက် ရှိရာ COVID-19 အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ (ရာဇသတ်ကြီးဥပဒေပုဒ်မ -၁၈၈)ဖြင့် ထုတ်ပြန်သည့်နေ့မှ စက်တင်ဘာ ၃ ရက်အထိ အမိန့်မလိုက်နာသူ ပြည်သူ ၄၀ ဦးကို တရားစွဲဆိုခဲ့ရပြီး မြို့နယ်တရားရုံးမှ အလုပ်မဲ့ ထောင်ဒဏ် ၁ လစီ ချမှတ်ခဲ့ရကြောင်း သိရသည်။
မြင့်သန်းကြည်(ရွှေပြည်သာ)