နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျဆုံးစစ်သည်များကို လှောင်ပြောင်ခဲ့ဖွယ်ရှိ၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အပေါ် ဝေဖန်ထိုးနှက်မှုများ ပြင်းထန်

စက်တင်ဘာ ၅၊ ဝါရှင်တန်


တာဝန်ထမ်းဆောင်နေစဉ်ကျဆုံးခဲ့သည့် အမေရိကန်စစ်သည်များကို အရှုံးသမားများ၊ သူငယ်နှပ်စားများ ဟု လှောင်ပြောင်ခဲ့ကြောင်း သတင်းထွက်ပေါ်လာခဲ့ပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှာ ဝေဖန်မှုများ ရင်ဆိုင်နေရသည်။ ဒေါ်နယ်ထရမ့်က ယင်းကဲ့သို့ သုံးနှုန်းခဲ့သည်ဆိုသောသတင်းကို Atlantic မဂ္ဂဇင်းက စတင်ဖော်ပြခဲ့ခြင်းဖြစ်ပြီး အသေးစိတ်အချက်အလက်အချို့ကို Associated Press နှင့် Fox News သတင်းဌာနက အတည်ပြုခဲ့သည်။ သို့သော် ဒေါ်နယ်ထရမ့်နှင့် ယင်း၏မဟာမိတ်များက ယင်းကဲ့သို့ မှတ်ချက်ပေးခဲ့ခြင်းမရှိဟု ငြင်းဆန်ခဲ့သည်။ 

အဆိုပါသတင်းနှင့်ပတ်သက်၍ ဒေါ်နယ်ထရမ့်အပေါ် ဝေဖန်ထိုးနှက်နေသူများတွင် စစ်မှု ထမ်းဟောင်းများအဖွဲ့လည်း ပါဝင်သည်။ တိုးတက်သည့်နိုင်ငံရေးအမြင်ရှိသော VoteVets အဖွဲ့က ကျဆုံးစစ်သည်များ၏မိသားစုများကို ရိုက်ကူးထားသည့် ဗီဒီယိုကို လူမှုကွန်ရက်တွင် ဖော်ပြခဲ့သည်။   

 '' ဘာ တွေ စွန့်လွှတ်လိုက်ရသလဲဆိုတာ ခင်ဗျား မသိပါဘူး''ဟု အဖွဲ့ဝင်တစ်ဦးက မှတ်ချက်ပေးခဲ့သည်။ လာမည့်နိုဝင်ဘာလတွင် တစ်ကျော့ပြန် သမ္မတရွေးကောက်ပွဲဝင်မည့် ဒေါ်နယ်ထရမ့်မှာ စစ်တပ်အတွင်းမှ မဲပေးသူများ၏ ထောက်ခံအားပေးမှု လိုအပ်လျက်ရှိရာ အဆိုပါမှတ်ချက်ကြောင့် ထိခိုက်ရဖွယ်ရှိသည်ဟု နိုင်ငံရေးသုတေသီများက ပြောသည်။ ဒေါ်နယ်ထရမ့်မှာ ၂၀၁၈ ခုနှစ်က ပါရီမြို့အပြင်ဘက်ရှိ အမေရိကန်စစ်သင်္ချိုင်းသို့ သွားရောက်မည့် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ခြင်းမှာ အရှုံးသမားများပြည့်နှက်နေသည့် နေရာဖြစ်ခြင်းကြောင့်ဟု Atlantic မဂ္ဂဇင်းက ဖော်ပြထားသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ