နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြို့တော် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းသစ်တွင် စီးပွားဖြစ် ရပ်တည်နိုင်စွမ်းရှိမှုသေချာသည့် စက်မှုဇုန်နှင့် အခြေခံ အဆောက်အအုံများကို တည်ဆောက်ရန် ဆွစ်ယှဉ်ပြိုင်တင်ဒါ (Swiss Challenge)ခေါ်ယူနိုင်ရေး အကြံပေးဝန်ဆောင်မှုလုပ်ငန်း အပ်နှံစာချုပ် လက်မှတ်ရေးထိုး

ရန်ကုန်   စက်တင်ဘာ   ၄


ရန်ကုန်မြို့တော် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းသစ်တွင် ပါဝင်သည့် လုပ်ငန်းစီမံကိန်းများအနက် စီးပွားဖြစ် ရပ်တည်နိုင်စွမ်းရှိမှု သေချာသည့် စက်မှုဇုန်နှင့် အခြေခံအဆောက်အအုံများကို ဦးစွာ အကောင်အထည်ဖော်ဆောင်ရွက်ရန် ပွင့်လင်းမြင်သာမှုရှိပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ဆွစ်ယှဉ်ပြိုင်တင်ဒါ (Swiss Challenge) ခေါ်ယူနိုင်ရေး အကြံပေးဝန်ဆောင်မှုလုပ်ငန်းအပ်နှံစာချုပ် လက်မှတ်ရေးထိုးပွဲကို စက်တင်ဘာ ၄ ရက်၊ နံနက် ၉ နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁)၊ နေပြည်တော်နှင့် ရန်ကုန်မြို့တော်ခန်းမတို့၌ Video Conferencing စနစ်ဖြင့် ချိတ်ဆက် ကျင်းပသည်။

လက်မှတ်ရေးထိုးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ Swiss Challenge တင်ဒါကော်မတီ ဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ တင်ဒါကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးဆက်အောင်နှင့် ဦးဗရတ်ဆင်းတို့သည် နေပြည်တော်မှလည်းကောင်း၊ တင်ဒါကော်မတီအဖွဲ့ဝင် ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးရဲမင်းဦးနှင့် တင်ဒါကော်မတီအတွင်းရေးမှူး၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးနှင့် Roland Berger Pte.Ltd. မှ တာဝန်ရှိသူများက ရန်ကုန်မြို့တော်ခန်းမမှလည်းကောင်း ပါဝင်တက်ရောက်ကြသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက အမှာစကားပြောကြားရာတွင် ယနေ့သည် ရန်ကုန်မြို့ အနောက်ဘက်ကမ်းတွင် ခေတ်မီမြို့သစ်ဖော်ဆောင် နိုင်ရေး ရည်မှန်းချက်ကို လက်တွေ့အကောင်အထည်ဖော်ရန် ခြေလှမ်းသစ်တစ်ရပ်ကို အစပြုမည့် မှတ်တိုင် တစ်ရပ် စိုက်ထူနိုင်မည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့တော် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းသစ်တွင် ပါဝင်သည့် လုပ်ငန်းစီမံကိန်းများအနက် စီးပွားဖြစ် ရပ်တည်နိုင်စွမ်းရှိမှု သေချာသည့် စက်မှုဇုန်နှင့် အခြေခံအဆောက်အအုံများကို ဦးစွာအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံတကာစံနှုန်းနှင့်အညီ ပွင့်လင်းမြင်သာမှု၊ တရားမျှတမှုနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိမှုတို့ကို အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စီမံကိန်းဆောင်ရွက်ခြင်းကြောင့် ရန်ကုန်မြို့တွင် စက်မှုလုပ်ငန်းများ ပိုမိုချဲ့ထွင်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး COVID-19 ကပ်ရောဂါကြောင့် နိုင်ငံ့စီးပွားရေးအပေါ် ဆိုးကျိုးသက်ရောက်မှုများ လျော့ပါးစေရေးနှင့် ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်းသစ်များ  ဖန်တီးနိုင်ရေး  အထောက်အပံ့ဖြစ်စေမည်ဖြစ်ကြောင်း၊  အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ဖန်တီးဖော်ဆောင်ပေးနိုင်ရေးသည် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) ၏ အနှစ်သာရလည်းဖြစ်ကြောင်း၊ ဖွံ့ဖြိုးပြီး နိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်စေရန်နှင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အများအပြား ဆွဲဆောင်နိုင်ရန် အတွက် လိုအပ်လျက်ရှိသည့် ခေတ်မီအခြေခံအဆောက်အအုံများကို ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်၍ ယခုစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးသည် စီးပွားရေးအရ အချက်အချာကျပြီး မြန်မာ့အသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး (GDP) ၏ ၂၆ ရာခိုင်နှုန်းကို ကိုယ်စားပြုလျက်ရှိရာ ရန်ကုန်မြို့တော်တွင် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာသည်နှင့်အမျှ ရင်းနှီးမြှုပ်နှံသူများ ပိုမိုဝင်ရောက်လာမည်ဖြစ်ကြောင်း၊ ထို့အပြင် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ အပါအဝင် စက်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာခြင်းမှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးရှိ ပြည်သူများ၏ စားဝတ်နေရေးနှင့် လူနေမှုအဆင့်အတန်း ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ယခုစီမံကိန်းသည် မြန်မာ့စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု၏ အဓိကမောင်းနှင်အားဖြစ်သော ရန်ကုန်မြို့တော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုခိုင်မာ အားကောင်းစေမည်ဖြစ်သည့်အပြင် အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကိုလည်း အထောက်အပံ့ဖြစ်စေမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ Swiss Challenge တင်ဒါကော်မတီ အတွင်းရေးမှူး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူးနှင့် Roland Berger Pte.Ltd. မှ တာဝန်ရှိသူတို့က ပြည်ထောင်စုဝန်ကြီး ရှေ့မှောက်တွင် အကြံပေးဝန်ဆောင်မှုလုပ်ငန်း အပ်နှံစာချုပ်ကို လက်မှတ်ရေးထိုး၍ အပြန်အလှန် လဲလှယ် ကြသည်။

အဆိုပါ စီမံကိန်းတွင် စက်မှုဇုန်၊ တန်ဖိုးနည်းအိမ်ရာများနှင့် အထောက်အကူပြု အခြေခံအဆောက်အအုံ များ ပါဝင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။


သတင်း/ဓာတ်ပုံ-သွင်မောင်မောင်






အခြားဆက်စပ်သတင်းများ