မင်းဘူး၊ စက်တင်ဘာ ၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် မန်းရွှေစက်တော်ဘုရားဓာတ်လှေကားတာဝါ နှင့် စင်္ကြံလျှောက်လမ်းတည်ဆောက်ခြင်း ပန္နက်တင်မင်္ဂလာအခမ်းအနားကို စက်တင်ဘာ ၂ ရက် နံနက် ၉ နာရီက ဓာတ်လှေကားတည်ဆောက်မည့် နှစ်ကျိပ်ရှစ်ဆူဘုရားအောင်မြေရင်ပြင်တော်၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပန္နက်တင်မင်္ဂလာအခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနား ကို စတင်ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ရွှေစက်တော်ဘုရားဩဝါဒစရိယဆရာတော် သာသနာ့ဓဇဓမ္မာစရိယ ဘဒ္ဒန္တဉာဏိက၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက သက်မှတ်ထားသောနေရာအသီးသီးတွင် နေရာယူကာ မင်္ဂလာအချိန် နံနက် ၉ နာရီ ၁၈ မိနစ်တွင် ပန္နက်တိုင်အား ၉ ချက်ရိုက်သွင်းပြီး အမွှေးနံ့သာရည်ပက်ဖျန်းပေးခဲ့ကြသည်။
ဓာတ်လှေကားတည်ဆောက်ရေးလုပ်များကို “ရွှေစက်တော်ဘုရားကြီးရန်ပုံငွေမှ ကျပ်သိန်းပေါင်း တစ်သောင်းရှစ်ထောင်ခန့် အသုံးပြု၍ အပိုင်းနှစ်ပိုင်းဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ပထမအပိုင်း အနေဖြင့် လျှောက်လမ်းအကျယ် ၂၈၈ ပေ၊ ဓာတ်လှေကားအမြင့် ၁၁၄ ပေ ရှိ ဓာတ်လှေကားအိမ်နှင့် လျှောက်လမ်း ကို တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ဒုတိယအပိုင်းအနေဖြင့် ရင်ပြင်တော်နှင့် ကားပါကင်လုပ်ငန်းကို တည်ဆောက်သွားမည်ဖြစ်ပြီး စီမံကိန်းကာလကို ရှစ်လအတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း” တင်ဒါအောင်မြင်ခဲ့သော ကျော်သာဆောက်လုပ်ရေးကုမ္ပဏီမှ ဓာတ်လှေကားနှင့် ရင်ပြင်တော်တည်ဆောက် ရေးစီမံကိန်းမန်နေဂျာ ဦးမင်းအောင်က ပြောသည်။
အဆိုပါဓာတ်လှေကားတည်ဆောက်ပြီးစီးပါက မြန်မာနိုင်ငံအနှံ့အပြားမှဘုရားဖူးလာရောက်ကြသော ရဟန်းရှင်လူ မိဘပြည်သူများ၊ သက်ကြီး/သက်ငယ်မရွေး လွယ်လင့်တကူ စိတ်ချမ်းသာစွာဖြင့် တက်ရောက် ဖူးမြော်နိုင်မည်ဖြစ်ကြောင်း၊ နှစ်ကျိပ်ရှစ်ဆူဘုရား အောင်မြေရင်ပြင်တော်မှ ကိုးခန်းကြီးမဟာမြတ်မုနိ ရုပ်ရှင်တော်မြတ် တန်ဆောင်းရင်ပြင်သို့ ဓါတ်လှေကားနှစ်စင်းဖြင့် တက်ရောက်နိုင်မည်ဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ဝင် အောက်စက်တော်ရာဘုရားတာဝန်ခံ ဦးသိန်းလှိုင်က ပြောသည်။
ပန္နက်တင်မင်္ဂလာအခမ်းအနားအပြီးတွင် မန်းရွှေစက်တော်ဘုရား သုံးထပ်ဆောင်ဗိမာန်တော်ကြီးအတွင်း ဆရာတော်သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္တုပစ္စည်းများနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြ သည်။
မန်းရွှေစက်တော်ရာဗုဒ္ဓပူဇနိယဘုရားပွဲတော်ကို နှစ်စဉ် တပို့တွဲလဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လေ့ရှိကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)