စက်တင်ဘာ ၄
လေ့လာမှုတစ်ခုအရ ခေါင်းတစ်ခြမ်းကိုက်ရောဂါရှိခြင်းကြောင့် နှလုံးသွေးကြောဆိုင်ရာရောဂါနှင့် သေဆုံးမှုဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်မြင့်မားကြောင်း သိရသည်။
ယခင်လေ့လာမှုများအရ ခေါင်းတစ်ခြမ်းကိုက်ရောဂါရှိခြင်းကြောင့် လေဖြတ်နိုင်သည့်အန္တရာယ်မြင့်မားကြောင်း သိရသည်။ ခေါင်းတစ်ခြမ်းကိုက်ရောဂါရှိသည့် အမျိုးသမီးများသည် ယင်းရောဂါမရှိသူများထက် နှလုံး သွေးကြောဆိုင်ရာဖြစ်ပွားနိုင်သည့် အန္တရာယ် ၅၀ ရာခိုင်နှုန်းပိုမြင့်မားကြောင်း ယခုလေ့လာမှုကဖော်ပြပြီး ထိခိုက်မှုမှာ အသက်အရွယ်ကိုလိုက်၍ အပြောင်းအလဲရှိကြောင်း သိရသည်။
ယခုလေ့လာမှုကို အမေရိကန်နှင့် ဂျာမနီနိုင်ငံမှ သုတေသီများကပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အမျိုးသမီး ၁၁၅,၅၄၁ ဦး ပါဝင်သည်။ ခေါင်းကိုက်သည့်ဒဏ်ကို ခံစားရမှုနှင့်အတူ အချို့သော ခေါင်းတစ်ခြမ်းကိုက် ရောဂါရှိသူများသည် လေဖြတ်နိုင်သည့် အန္တရာယ်မြင့်မားခြင်းနှင့်ဆက်စပ်ကြောင်း သုတေသီများက ပြောသည်။
ခေါင်းတစ်ခြမ်းကိုက်ရောဂါရှိသည့် အမျိုးသမီးများသည် သွေးကြောများပိတ်ဆို့မှုကြောင့် နှလုံးကြွက်သားများသို့ အောက်ဆီဂျင်ပါဝင်သော သွေးရောက်ရှိမှု အတားအဆီးဖြစ်ပေါ်ကာ ရင်ဘတ်တွင် ပြင်းထန်သော နာကျင်မှုများခံစားရလေ့ရှိပြီး လေဖြတ်နိုင်သည့်အန္တရာယ်၊ နှလုံးရောဂါဖြစ်နိုင်သည့်အန္တရာယ်မြင့်မားကြောင်း သုတေသီများ လေ့လာတွေ့ရှိခဲ့သည်။
(သူရိန်)