ရန်ကုန် ၊ စက်တင်ဘာ ၄
ရန်ကုန်မြို့ရှိကျူးကျော်များအတွက် တန်ဖိုးနည်းအိမ်ရာတည်ဆောက်ရေးလုပ်ငန်းအသစ်များကို စက်တင်ဘာလကုန်တွင် စတင်နိုင်ရန် မျှော်မှန်းထားကြောင်း ယင်းစီမံကိန်း ဖော်ဆောင်နေသည့် Women For The World အဖွဲ့ဒါရိုက်တာ ဒေါ်ဗန်လီဇာအောင်ကပြောသည်။
‘‘COVID နဲ့ပတ်သက်လို့ ညွှန်ကြားချက်တွေက ဒီလ ၁၅ ရက်အထိဆိုတော့ အဲဒါပြီးမှပဲအရှိန်အဟုန်နဲ့ စနိုင်မယ့် အခြေအနေရှိတယ်။ အခုကမိုးတွင်းဆိုတော့ မြန်မြန်ဆန်ဆန်လုပ်နိုင်အောင်တော့ မှန်းထားတယ်’’ ဟု ဒေါ်ဗန်လီဇာအောင်က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရနှင့် ပူးပေါင်းအကောင်အထည်ဖော်နေသည့် ကျူးကျော်တန်ဖိုးနည်းအိမ်ရာစီမံကိန်းအား COVID-19 ရောဂါကြောင့် လူစုလူဝေးမပြုလုပ်ရန် လမ်းညွှန်ချက်ရှိ၍ စီမံကိန်းအသစ်ဖော်ဆောင် ခြင်းကို ခေတ္တရပ်နားထားခြင်းဖြစ်သည်။ စီမံကိန်းအသစ်များကို လှိုင်သာယာမြို့နယ်၊ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်နှင့် ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်တို့တွင် ဖော်ဆောင်မည်ဖြစ်ပြီး မြေနေရာရရှိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရထံမှ ခွင့်ပြုချက်တောင်းထားကြောင်းသိရသည်။
လက်ရှိအချိန်တွင် ရွှေပြည်သာမြို့နယ်၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် တို့တွင် အိမ်အလုံးရေတစ်ထောင်ခန့် တည်ဆောက်ထားရှိပြီး ကျူးကျော်နေထိုင်သူဦးရေ ၈၀၀ ခန့်ကို နေရာချထားပေးပြီးဖြစ်သည်။ ထို့ပြင် ဆက်လက်ဖော်ဆောင်မည့် စီမံကိန်းများမှာ မြေနေရာရရှိမှု အကျယ်အဝန်း အပေါ်မူတည်၍ အိမ်အလုံးရေ မည်မျှဆက်ဆောက်မည်ကိုသိနိုင်မည်ဖြစ်သည်။ အဆိုပါ အိမ်ရာစီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရက မြေနေရာစိုက်ထုတ်ပေးပြီး နှစ်ရှည် ချေးငွေဖြင့် အိမ်ဆောက် လုပ်ပေးခြင်းဖြစ်ကာ ဝယ်ယူခွင့်ရရှိသူမှ တစ်လလျှင် ၈၀,၀၀၀ ကျပ်ခန့် ပြန်လည်ပေးသွင်း စေသည့်စနစ်ဖြင့် အကောင်အထည်ဖော်နေခြင်းဖြစ်သည်။
အောင်မြင့်ဌေး(မြို့တော်သတင်း)