နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိမ်ရာများအပါအဝင် ဆောက်လုပ်ရေးလုပ်ငန်းများကို ဝန်ကြီးဌာနက ဆောင်ရွက်မည်မဟုတ်တော့ဟု ထုတ်ပြန်

ရန်ကုန်၊  စက်တင်ဘာ  ၄


အိမ်ရာစီမံကိန်းအပါအဝင် လမ်း၊တံတားဆောက်လုပ်ရေးလုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန အနေဖြင့် အောက်တိုဘာ ၁ ရက်မှစတင်ပြီး ဆောက်လုပ်တော့မည်မဟုတ်တော့ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်သည်။ 

အစိုးရ၏ တည်ဆောက်ရေးလုပ်ငန်းများကို အဆောက်အအုံဦးစီးဌာန၊ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့သည် တည်ဆောက်ရေးလုပ်ငန်း များကို လာမည့်ဘဏ္ဍာနှစ် ၂၀၂၀-၂၀၂၁ အောက်တိုဘာ ၁ ရက်မှ စတင်ပြီး စည်းကမ်းကြီးကြပ်သူ (regulatory Body) အဖြစ် ပြောင်းသွားတော့မည်ဖြစ်ပြီး ယင်းသို့ပြောင်းလဲရန်အတွက် တည်ဆောက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ရန် တင်ဒါခေါ်ယူဆောင်ရွက်ရန်အတွက် လုပ်ထုံးလုပ်နည်းနှင့် စည်းမျဉ်းစည်းကမ်းများကြိုတင်ရေးဆွဲထားရမည်ဖြစ်‌ကြောင်း ဝန်ကြီးရုံးမှ အဆိုပါဌာနများသို့ ညွန်ကြားထားသည်။ 

“ပုဂ္ဂလိကဆောက်လုပ်ရေးကဏ္ဍကလူတွေ အလုပ်အကိုင်အခွင့်အလမ်းပိုပြီးရလာမယ်။ နောက်တစ်ခု က စည်းမျည်းစည်းကမ်းထိန်းတဲ့သူနဲ့ ကိုယ်တိုင်လုပ်တဲ့သူက တစ်ယောက်တည်းဖြစ်နေတော့ အကျိုးစီးပွား ပါဝင်ပတ်သတ်မှု(COI) အရလည်း မကောင်းတော့ နိုင်ငံတော်က ပြုပြင်ပြောင်းလဲတာပါ”ဟု မြန်မာနိုင်ငံ              ဆောက်လုပ်ရေးလုပ်ငန်းရှင်အသင်းချုပ် အတွင်းရေးမှူးဦးမျိုးမြင့်က ပြောသည်။ 

ယင်းသို့ပြောင်းလဲလိုက်ခြင်းကြောင့် အစိုးရ၏ တည်ဆောက်ရေးဘတ်ဂျက်များသည် ပုဂ္ဂလိကသို့ ရောက်ရှိလာမည်ဖြစ်ကြောင်း၊ ဆောက်လုပ်ရေးကဏ္ဍတွင် အဓိကအားဖြင့် နိုင်ငံတော်အစိုးရဘတ်ဂျက်ဖြင့် ရင်းနှီးမြှုပ်နှံသည့် ဆောက်လုပ်ရေးလုပ်ငန်းများနှင့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများဖြင့် ဆောင်ရွက်သည့် ဆောက်လုပ်ရေးလုပ်ငန်းများဟူ၍ နှစ်မျိုးရှိကြောင်းသိရသည်။ 

ပြည်တွင်းသုံးဘတ်ဂျက်ဖြင့် ပြည်ထောင်စုဝန်ကြီးဌာနများ၏ တည်ဆောက်ရေးလုပ်ငန်းများသည် နှစ်စဉ် ငွေကျပ် ဘီလျံ ၅ဝဝဝ ကျော်ရှိပြီး နိုင်ငံတကာချေးငွေဖြင့် ဆောင်ရွက်သည့်လုပ်ငန်းမှာ နှစ်စဉ်ငွေကျပ် ဘီလျံ ၂ဝဝဝ ကျော်ရှိကြောင်း သိရသည်။ 


(မေဘယ်လ်အောင်)






အခြားဆက်စပ်သတင်းများ