နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယနိုင်ငံမှ ပြန်လည်ပင့်ဆောင်လာသော ရဟန်းသံဃာတော်များ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ

ရန်ကုန် ဧပြီ ၂၃ COVID – 19 ကမ္ဘာ့ကပ်ရောဂါကြောင့် အိန္ဒိယနိုင်ငံတွင်ပိတ်မိနေကြသည့် သံဃာတော်များ၊ သီလရှင်များ နှင့် မြန်မာနိုင်ငံသားစုစုပေါင်း ၂၅၈ ဦးတို့သည် သီတဂူဆရာတော်ကြီး၏ ညှိနှိုင်းကြိုးပမ်းဆောင်ရွက်ပေးမှုကြောင့် မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံအစိုးရ၏ ခွင့်ပြုချက်ဖြင့် MAI လေကြောင်းလိုင်းဖြင့် အိန္ဒိယနိုင်ငံတွင် ပိတ်မိနေသော စာသင်သားရဟန်းသံဃာတော်များ၊ သီလရှင်များ၊ လူပုဂ္ဂိုလ်များကို ဧပြီ ၂၂ ရက်တွင် အိန္ဒိယနိုင်ငံ ဂယာလေဆိပ်မှ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အခမဲ့ပြန်လည်ပင့်ဆောင်ခေါ်ယူခဲ့ကြောင်းသိရသည်။ "ဦးဇင်းတို့ကို လေယာဉ်နဲ့ အခမဲ့ပင့်ဆောင်ပေးခဲ့တာပါ။ ဦးဇင်းတို့လေယာဉ်ပေါ်မှာ ရဟန်းသံဃာတွေ၊ သီလရှင် ၅ ပါးနဲ့ တခြားလူပုဂ္ဂိုလ်တွေပါပါတယ်။ သီတဂူဆရာတော်ကြီးရဲ့စီမံပေးမှုနဲ့ ဒီကိုပြန်ရောက်ခဲ့ တာပါ"ဟု ဗောဓိဓမ္မရိပ်သာမှ ဦးဇင်းဦးကေတုက မိန့်ကြားခဲ့သည်။ လေကြောင်းလိုင်းများ ရပ်နားထားမှုကြောင့် အိန္ဒိယနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့တွင် ပိတ်မိနေသော ရဟန်းသံဃာတော်များ၊ သီလရှင်များနှင့် မြန်မာနိုင်ငံသားများ စုစုပေါင်း ၁၀ဝ၀ ကျော်ရှိသည့်အနက် ယနေ့တွင် ပထမအသုတ်အနေဖြင့် သံဃာတော် ၂၁၀ ပါး၊ သီလရှင် ၆ ပါးနှင့် လူပုဂ္ဂိုလ် ၄၂ ဦး စုစုပေါင်း ၂၅၈ ဦးတို့သည် MAI လေကြောင်းလိုင်းဖြင့် လိုက်ပါလာခဲ့ခြင်းဖြစ်သည်။ "ယခု ဦးဇင်းတို့ ဒီကို ညနေ ၆ နာရီခွဲလောက်ကရောက်ပါတယ်။ ရောက်တာနဲ့ ဆရာတော်ကြီးက သင်္ကန်းတစုံစီ လှူပါတယ်။ နေရေးထိုင်ရေးအနေနဲ့ တစ်ပါးစီသီးသန့်ခန်းတွေနဲ့ထားပါတယ် ဒကာကြီး။ ဦးဇင်းအခုနေတာက သီတဂူဝိပဿနာ အကယ်ဒမီမှာပါ။ ဆရာတော်ကြီးရဲ့ကျေးဇူး အထူးကိုကြီးမား လွန်းလှပါတယ်"ဟု ဦးဇင်းဦးကေတုက ထပ်မံမိန့်ကြားခဲ့သည်။ စစ်ကိုင်းတောင် သီတဂူဝိပဿနာအကယ်ဒမီနှင့် သီတဂူဗုဒ္ဓတက္ကသိုလ်တို့တွင် ပင့်ဆောင်လာသော ရဟန်းသံဃာများနှင့် သီလရှင်များအား သီတင်းသုံးစေလျက် သင်္ကန်း၊ ဆွမ်း၊ ဆေး၊ ဝေယျာဝစ္စတို့ဖြင့် Community Based Facility Quarantine ထားရှိကာ ၂၁ ရက်တာ စောင့်ရှောက်ကြည့်ရှုရန် စီမံထား ကြောင်းလည်း သိရသည်။ ထိုအပြင် သီရိလင်္ကာနိုင်ငံတွင်ကျန်ရှိနေသည့် စာသင်သားရဟန်းတော်များ၊ သီလရှင်များနှင့် မြန်မာ နိုင်ငံသားများကို မေလအတွင်း ထပ်မံသွားရောက် ပင့်ဆောင်ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။ အောင်မြင့်ဌေး(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ