ရန်ကုန် စက်တင်ဘာ ၃
မြန်မာနိုင်ငံတွင် မကြာမီလပိုင်းအတွင်း ကျင်းပပြုလုပ်တော့မည့် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ မတိုင်မီ အကြမ်းဖက်မှုများကို လှုံ့ဆော်သည့်အနေဖြင့် ပြောဆိုရေးသားထားသော အမုန်းစကားများ ဖြန့်ဝေခြင်းများကို Facebook မှ တင်းကျပ်စွာ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
Facebook ကုမ္ပဏီအနေနှင့် မြန်မာနိုင်ငံတွင် ယခုနှစ် နို၀င်ဘာလ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအတွက် အထောက်အကူဖြစ်စေရန် ပြင်ဆင်ဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် အမုန်းစကားများ၊ အကြမ်းဖက်မှုကို လှုံ့ဆော်သော အသုံးအနှုန်းများကို ရှင်းလင်းဖယ်ရှားခြင်း၊ သတင်းအမှား ဖြန့်ဝေမှုများကို တားဆီးခြင်းများ ပြုလုပ်ကာ တင်းကျပ်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Facebook ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဖေ့စ်ဘွတ်စာမျက်နှာများတွင် လူမျိုးရေး၊ ဘာသာရေးခွဲခြားပြီး စွပ်စွဲပြောဆိုခြင်းများ၊ အမုန်းပွားစေသော ရေးသားချက်များ ဖြန့်ဝေခဲ့သော Facebook Post ပေါင်း ၂၈၀၀၀၀ ကျော်ကိုလည်း ယခုနှစ်၊ မေလမှ သြဂုတ်လအတွင်း ဖယ်ရှားခဲ့ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောသည်။
မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ကိုယ်စားလှယ်လောင်းများ ရွေးချယ်မှုကို ထိခိုက်စေခြင်းများ၊ ဆန္ဒမဲပေးမှုကို ပျက်ပြားစေခြင်းများ စသည့်ရည်ရွယ်ချက်များဖြင့် သတင်းအမှားများ၊ အတည်မပြုနိုင်သော ကောလာဟလများကို Facebook တွင် ရေးသားဖြန့်ဝေမည်ဆိုပါက ဖယ်ရှားအရေးယူသွားမည်ဖြစ်ကြောင်း Facebook ကုမ္ပဏီမှ ကြေညာချက် ထုတ်ပြန်ထားသည်။
ထို့အပြင် မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီများ၏ တရားဝင် Facebook အကောင့် စာမျက်နှာများကို အတည်ပြုနိုင်ရေးအတွက် မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်နေကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံနှင့် ပတ်သက်သော သတင်းအချက်အလက်များ မှန်ကန်မှုရှိမရှိ စစ်ဆေးကြည့်ရှုရန်အတွက် BOOM ၊ AFP Fact Check နှင့် Fact Crescendo စသည့် အဖွဲ့အစည်း ၃ ဖွဲ့နှင့် Facebook ကုမ္ပဏီတို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(မိုးယံထက်)