ရန်ကုန် ဧပြီ ၂၃ မင်္ဂလာဒုံမြို့နယ် Covid-19 ကူးဆက်မြန်ရောဂါ အရေးပေါ်ကာကွယ်တုံ့ပြန်ရေး အထောက်အကူ ပြုကော်မတီ၏စီမံချက်ဖြင့် ရပ်ကွက်အတွင်းရှိ ဈေးဆိုင်ခန်းများကို ကျိုက္ကလော့ဝတ္တကမြေတွင် ယာယီ ပျံကျဈေးအဖြစ် ဧပြီ ၂၂ ရက်၊ နံနက်ပိုင်းတွင် စတင်ပြောင်းရွှေ့ဖွင့်လှစ်လိုက်ပြီဖြစ်ပြီး ဆိုင်ခန်းပေါင်း ၈၀ဝ ပါဝင်ကြောင်း သိရသည်။ "ကျွန်မတို့ မင်္ဂလာဒုံမြို့နယ်အတွင်းမှာ Covid-19 ရောဂါ ကြိုတင်ကာကွယ်တားဆီးရေး စီမံချက်အရ ပြည်တော်သာ ၊ ပ-လ-ရ ၊ ပေါက်ကုန်းရပ်ကွက်အတွင်း ဂျိုးဖြူရေပိုက်လိုင်းအနီးမှာ မူလကဖွင့်လှစ်ထားကြတဲ့ ရပ်ကွက်အတွင်းဈေးတွေကို ဒီနေ့ ကျိုက္ကလော့ဝတ္တကမြေမှာ ယာယီပျံကျဈေးအဖြစ် ပြောင်းရွှေ့ဖွင့်လှစ်တာ ဖြစ်ပါတယ်။ ရပ်ကွက်အတွင်းမှာဖွင့်တာဆိုပေမယ့် တော်တော်စည်ကားတယ်။ ပိုက်လုံးဘေးမှာဖြစ်နေတဲ့ အခါကျတော့ ဈေးဝယ်တွေအရမ်းများတယ်။ လူနေအိမ်ခြေတွေနဲ့လည်းအရမ်းကိုနီးကပ်လွန်းတဲ့ အတွက် ယာယီပြောင်းရွှေ့ ဖွင့်လှစ်စေတာဖြစ်ပါတယ်။ ပြည်တော်သာ၊ ပ-လ-ရ ဈေးမှာက ဈေးဆိုင်ခန်း ၄၀ဝ ရှိတဲ့အတွက် ဒီနေရာမှာ ဆိုင်ခန်းပေါင်း ၈၀ဝ ကို ၆ ပေခြားအကွက်ဖော်ထားပေးပါတယ်။ Covid-19 ပြီးရင်တော့ မူလနေရာကို ပြန်လည်ရွှေ့ပြောင်းရောင်းချခွင့်ပြုပေးသွားမှာပါတယ်"ဟု မင်္ဂလာဒုံမြို့နယ်စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ ဒေါ်ကြည်ကြည်ဝေက ပြောသည်။ အဆိုပါ ယာယီပျံကျဈေးကို နေ့စဉ် နံနက် ၆ နာရီမှ ၁၁ နာရီအထိ ရောင်းချမည်ဖြစ်ကာ သား၊ ငါး၊ ဟင်းသီးဟင်းရွက် စသည့်ကုန်စို၊ ကုန်ခြောက်နှင့်ငါးခြောက်ဆိုင်များ၊ သစ်သီးတန်း၊ Hand Gel အရောင်းဆိုင် နှင့် ပန်းအရောင်းဆိုင်များပါဝင်ပြီး ဆန်၊ ဆီနှင့် မီးဖိုချောင်သုံးပစ္စည်းအရောင်းဆိုင်များ ဆက်လက်ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိရသည်။ "ကျွန်တော်တို့ရပ်ကွက်အတွင်း လမ်းဆုံလမ်းခွတွေမှာ ဖွင့်လှစ်ရောင်းချနေတဲ့ ဈေးဆိုင်တွေကြောင့် လူစုလူဝေးမဖြစ်ပေါ်စေချင်တဲ့အတွက် လျာထားတဲ့ ဆိုင်ခန်းအရေအတွက်ထက် ထပ်တိုးချဲ့လိုက်ရတယ်။ တစ်နိုင်တစ်ပိုင်ရောင်းချလိုသူများရော၊ ခြံထွက်သီးနှံရောင်းချလိုသူ၊ ခေါင်းရွက်ဗျက်ထိုးဈေးသည်ကအစ ပါဝင်လာတဲ့အတွက် ဆိုင်ခန်းပေါင်း ၈၀ဝ အထိ စည်ကားသွားတာပါ။ ကျွန်တော်တို့ မင်္ဂလာဒုံမြို့နယ် အတွင်းနေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ အခုလိုစည်းကမ်းတကျ ရောင်းဝယ်ဖောက်ကားလို့ရအောင် အဖွဲ့အစည်းအသီးသီးကစီစဉ်ပေးတဲ့အပေါ် စနစ်တကျလိုက်နာဆောင်ရွက်ကြတာတွေ့ရတဲ့အတွက် ပီတိ ဖြစ်ရပါတယ်"ဟု ပေါက်ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးဦးတင်ဦးက ပြောသည်။ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ အခြားရပ်ကွက်များတွင်ဖွင့်လှစ်လျက်ရှိသော ဈေးများကိုလည်း ရပ်ကွက်ပြင်ပ မြေနေရာများတွင်ဖွင့်လှစ်ပေးနိုင်ရန်စီစဉ်လျက်ရှိပြီး ရွှေ့ပြောင်းရန်ခက်ခဲသည့် ရပ်ကွက် အတွင်း ဈေးတချို့ကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စည်းစနစ်တကျ ရောင်းဝယ် ဖောက်ကားနိုင်ရေး ဆက်လက်စိစစ်ကြပ်မတ် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။ အောင်မြင့်ဌေး(မြို့တော်သတင်း)