ရန်ကုန် စက်တင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် Covid-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်ထွေ/အုပ်ရုံး အစည်းအဝေးခန်းမ တွင် စက်တင်ဘာ ၂ ရက် နံနက်၉နာရီခွဲ အချိန်က ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါအစည်းအဝေးတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ လတ်တလောအသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ Covid-19 ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ ဓာတ်ခွဲအတည်ပြုလူနာများ ထပ်မံတွေ့ရှိရမှု ခရီးသွားရာဇဝင် မရှိသည့် အပြင်ဓာတ်ခွဲ လူနာများနှင့်လည်း ထိတွေ့ခြင်းမရှိခဲ့သည့် လူနာများတွေ့ရှိရမှုများပြားလာသဖြင့် ကူးစက်ရောဂါပြန့်ပွားမှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် စက်တင်ဘာ ၁ ရက်ညတွင် နေအိမ်တွင် နေထိုင်ရန်(Stay at Home)ကို ကြေညာခဲ့သည့် မြို့နယ်(၇)မြို့နယ်တွင် ပုဇွန်တောင်မြို့နယ်ပါဝင်သဖြင့် စက်တင်ဘာ ၂ ရက် နံနက် ၈ နာရီမှ စ၍ အကျုံးဝင်ပါကြောင်း၊ ပြည်သူများအနေဖြင့် နေအိမ်မှ ပြင်ပသို့သွားလာလျှင် ပါးစပ်/နှာခေါင်းစည်း mask တပ်ဆင်သွားလာကြရန်၊ Mask တပ်ဆင်ခြင်းမရှိဘဲ သွားလာနေသူများကို တွေ့ရှိပါကသဘာဝဘေးအန္တရာယ်ဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းငြိမ်းအောင်တို့ကပြောသည်။
နေခြည်(ပြန်/ဆက်)