စက်တင်ဘာ ၃၊ တိုင်ပေ
တရုတ်(တိုင်ပေ) နိုင်ငံကူးလက်မှတ်တွင် Taiwan (ထိုင်ဝမ်)ဆိုသည့် စကားလုံးကို ပိုကြီးပြီး တရုတ်သမ္မတနိုင်ငံဆိုသည့် စကားလုံးကို အလွန်သေးငယ်စွာ ဖော်ပြသည့် ဒီဇိုင်းပြောင်းလဲမှု လုပ်ခဲ့ကြောင်း တရုတ်(တိုင်ပေ) အရာရှိများက ကြေညာခဲ့သည်။ တရုတ်(တိုင်ပေ) နိုင်ငံသားများနှင့် တရုတ်နိုင်ငံသားများ ရောထွေးမှုမဖြစ်အောင် ဒီဇိုင်းပြန်ဆွဲခဲ့ခြင်းဖြစ်သည်ဟု အာဏာပိုင်များက ပြောသည်။ တရုတ်(တိုင်ပေ)ကျွန်းက လွတ်လပ်သည့်နိုင်ငံအဖြစ် ရပ်တည်ရန် လိုလားသော်လည်း တရုတ်အစိုးရက ခွဲထွက်ထားသည့် ပြည်နယ်တစ်ခုအဖြစ်သာ သတ်မှတ်ထားသည်။
တရုတ်(တိုင်ပေ)၏ နိုင်ငံကူးလက်မှတ်ဒီဇိုင်း ပြောင်းလဲခဲ့သော်လည်း တရုတ်(တိုင်ပေ)မှာ တရုတ်နိုင်ငံ၏ ခွဲထွက်မရသည့် ဒေသဖြစ်နေဆဲဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့သည့် အခမ်းအနားတွင် တရုတ်(တိုင်ပေ)က ယင်းတို့၏ နိုင်ငံကူးလက်မှတ်သစ်များကို မိတ်ဆက်ပြသခဲ့ခြင်းဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် အတွက် ခရီးသွားလာမှုဆိုင်ရာ ပိတ်ပင်မှုများ ချမှတ်ရာတွင် တရုတ်(တိုင်ပေ)မှ ခရီးသွားများကိုလည်း တရုတ်နိုင်ငံမှ ခရီးသွားများနည်းတူ ကန့်သတ်ပိတ်ပင်ထားသည်ဟု အာဏာပိုင်များက ပြောသည်။ တရုတ်(တိုင်ပေ)မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(WHO)၏ အဖွဲ့ဝင်နိုင်ငံ မဟုတ်သော်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရာတွင် အောင်မြင်မှုရခဲ့ခြင်းကြောင့် ချီးကျူးခံနေရသည်။
Ref:BBC(KNT)