စက်တင်ဘာ ၃၊ နယူးဒေလီ
တရုတ်နှင့် အိန္ဒိယနိုင်ငံကြား တင်းမာမှုများ ဆက်လက်မြင့်တက်နေရာ PUBG Mobile နှင့် WeChat Work တို့အပါအဝင် တရုတ်နိုင်ငံထုတ် မိုဘိုင်း app ၁၁၈ ကို အိန္ဒိယအစိုးရက ထပ်မံပိတ်ပင်လိုက်သည်။ အိန္ဒိယအစိုးရမှာ ယခင်ကလည်း အမျိုးသားလုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုကြောင့် TikTok အပါအဝင် တရုတ်နိုင်ငံထုတ် နာမည်ကျော် apps ၅၉ ခုကို ပိတ်ပင်ခဲ့ဖူးသည်။ ယခုနောက်ဆုံး ပိတ်ပင်ခဲ့သည့် apps များမှာ အိန္ဒိယနိုင်ငံ၏ အကျိုးစီးပွား ထိခိုက်အောင်လုပ်နေကြောင်း ခိုင်လုံသည့် သတင်းအချက်အလက် ရရှိထားသည်ဟု အိန္ဒိယနိုင်ငံ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနက ဖော်ပြသည်။
အသုံးပြုသူများ၏ ဒေတာများကို ခိုးယူရန်၊ အိန္ဒိယနိုင်ငံပြင်ပရှိ ဆာဗာများထံ လျှို့ဝှက်ဖြန့်ဖြူးရန်အတွက် Android နှင့် iOS ပလက်ဖောင်းများတွင် အသုံးပြုနိုင်သည့် မိုဘိုင်း app အချို့ကို အလွဲသုံးစား အသုံးချနေကြသည်ဟု သတင်းရင်းမြစ်များက တိုင်ကြားခဲ့ကြောင်း အိန္ဒိယနိုင်ငံ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနက ဖော်ပြသည်။
ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ဟိမဝန္တာနယ်စပ်ဒေသတစ်လျှောက် တင်းမာမှုများဖြစ်ပွားခဲ့ပြီးနောက် ယခုကဲ့သို့ ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်ဇွန်လက လာဒက်ဒေသတွင် အိန္ဒိယနှင့် တရုတ်စစ်သည်များ သံတုတ်များဖြင့် ရိုက်နှက်ခဲ့ကြသည့် တိုက်ပွဲကြောင့် အနည်းဆုံး အိန္ဒိယစစ်သည် ၂၀ ဦး သေဆုံးခဲ့သည်။ ထို့နောက်တွင် ၂ နိုင်ငံလုံးက လာဒက်ဒေသသို့ စစ်သည်များ ပိုမိုစေလွှတ်ခဲ့ကြသည်။ ဂြိုဟ်တုဓာတ်ပုံများအရ တရုတ်နိုင်ငံက ဟိမဝန္တာနယ်စပ်ဒေသကို အပေါ်ကနေ စီးမိုးမြင်ရသည့် အဆောက်အအုံသစ်များ တည်ဆောက်နေကြောင်း တွေ့ရသည်။
Ref:BBC(KNT)