ရန်ကုန် ဧပြီ ၂၃ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများသို့ တရုတ်ကုမ္ပဏီများမှ ဆေးဘက်ဆိုင်ရာပစ္စည်းများနှင့်အတူ ငွေကြေးများကို ဧပြီ ၂၃ ရက်တွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ရခိုင်ပြည်နယ်အတွင်း COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရေးအတွက် POWER CHINA Group နှင့် SUPREME Group တို့ ဖက်စပ်ထူထောင်ထားသည့် Kyaukphyu Electric Power Co.Ltd မှ ငွေကျပ် ၁၀,၂၀၀,၀၀၀ တန်ဖိုးရှိ Face Mask များ၊ Medical Goggle များ၊ Medical Examination Glove များ စသည့်ဆေးဘက်ဆိုင်ရာ ပစ္စည်းများကို လှူဒါန်းပေးအပ်ခဲ့ရာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က လက်ခံရယူခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က “ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာက စိန်ခေါ်မှုပေါင်းမြောက်မြားစွာနဲ့ တွေ့နေရပါတယ်။ ပစ္စည်းတွေလဲ အရမ်းရှားပါးတဲ့ အချိန်မှာ အခုလိုနှာခေါင်းစည်းတွေ၊ လိုအပ်တဲ့ပစ္စည်းတွေ လှူဒါန်းပေးတဲ့အတွက် ရခိုင်ပြည်နယ်အတွက် အများကြီး အကျိုးရှိပါတယ်။ ဒီကုမ္ပဏီတွေအနေနဲ့ ရခိုင်ပြည်နယ်မှာ COVID-19 ရောဂါနဲ့ ပတ်သက်လို့ ကာကွယ်ဖို့အတွက် သိတယ်။ ဂရုစိုက်တယ်။ ပူးပေါင်းပါဝင်တယ်ဆိုတဲ့ခွန်အားက ပိုပြီးတန်ဖိုးရှိပါတယ်။”ဟု ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသို့လည်း တရုတ်နိုင်ငံ POWER Construction Corporation (POWER CHINA) မှ Medical Mask အခုရေ ၂၀,၀၀၀ ခုကို ဧပြီ ၂၃ ရက်တွင် ပေးအပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။ ထို့အတူ ရန်ကုန်မြို့ရှိ မြန်မာ-တရုတ်ချစ်ကြည်ရေးဆေးရုံဖြစ်သည့် ဒေါ်ခင်ကြည်အမျိုးသမီးဆေးရုံသို့ Bank of China Yangon Represent Office မှ ငွေကျပ် ၂၀,၀၀၀,၀၀၀ အားလည်းကောင်း၊ တရုတ်နိုင်ငံ POWER Construction Corporation (POWER CHINA)မှ အကာအကွယ်ဝတ်စုံ(PPE) အစုံ ၂၅၀၊ Medical Glove အစုံ ၂,၀၀၀၊ Medical Goggle အခု ၁၀၀၊ Disinfection Alcohol ဗူး ၁၀၀၊ Barrel Sanitize ပုံး ၄၀ ကိုလည်းကောင်း ဧပြီ ၂၃ ရက်တွင် အသီးသီး ပေးအပ်လှူဒါန်းခဲ့ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။ အဆိုပါ ပေးအပ်လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်က မြန်မာ-တရုတ် ချစ်ကြည်ရေး ဆေးရုံများဖြစ်သည့် ရန်ကုန်မြို့ရှိ ဒေါ်ခင်ကြည်အမျိုးသမီးဆေးရုံနှင့် မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ ပြည်သူ့ဆေးရုံတို့အား ထပ်မံအကူအညီများပေးသွားမည်ဖြစ်ကြောင်း၊ နောက်ပိုင်းတွင်လည်း မြန်မာနိုင်ငံအစိုးရ၏ တောင်းဆိုချက်အရ လိုအပ်သည့်ပစ္စည်းများကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံ COVID-19 ရောဂါ တိုက်ဖျက်ရေးအတွက် အကူအညီပေးသည့် လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ယင်းမှာ တရုတ်-မြန်မာ ချစ်ကြည်ရေးကို ဖော်ဆောင်နိုင်ခြင်းဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားသည်။ ဒေါ်ခင်ကြည်အမျိုးသမီးဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာသင်းယုဇော်က “အခုလှူဒါန်းမှုက အကျိုးရှိပါတယ်။ COVID-19 ရောဂါ တိုက်ဖျက်ရေးအခြေအနေမှာ လိုအပ်သမျှအကူအညီတွေ အကုန်လုံးက မြန်မာနိုင်ငံအစိုးရကပေးတာရှိမယ်။ နောက်ပြီးတော့ အလှူရှင်တွေရှိမယ်။ တရုတ်သံရုံးကလဲ ကျွန်မတို့ကို အမြဲတမ်းပံ့ပိုးကူညီတော့ ဒါကလည်း တရုတ်သံရုံးကနေပြီးတော့မှ စီစဉ်ပြီးတော့ လှူပေးတာပါပဲ။”ဟု ပြောကြားခဲ့သည်။ COVID-19 ရောဂါမှာ နိုင်ငံအများအပြားတွင် ဖြစ်ပွားနေသည့်အတွက် ကပ်ရောဂါတိုက်ဖျက်ရေးအတွက် အားလုံးစည်းလုံးညီညွှတ်ရန်လိုအပ်ကြောင်း၊ ထို့အတွက် မြန်မာနိုင်ငံရှိ ရှေ့တန်းမှ ဆရာဝန်၊ သူနာပြုများအပါအဝင် ဆေးဘက်ဆိုင်ရာဝန်ထမ်းများအား လှူဒါန်းရခြင်းဖြစ်ကြောင်း၊ Bank of China ၏ Yangon Branch၊ Working Team မှ Deputy Head ဖြစ်သူ ဦးကျော်နိုင်(Mr.Mynn M.Huang) က ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ COVID-19 ရောဂါကာကွယ်တိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံ အစိုးရ၊ ကုမ္ပဏီများနှင့် အဖွဲ့အစည်းများက ဆေးဘက်ဆိုင်ရာပစ္စည်းကိရိယာများ၊ ငွေကြေးလှူဒါန်းမှုများ အပြင် COVID-19 ကပ်ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးတွင် အတွေ့အကြုံများနှင့် ကျွမ်းကျင်မှုများ မျှဝေပေးရန် တရုတ်နိုင်ငံမှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့အား စေလွှတ်ကူညီမှုများ ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ (မြို့တော်သတင်း)