ကျောင်းကုန်း၊ စက်တင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အေးချမ်း သာယာခန်းမ၌ ကျောင်းကုန်းမြို့နယ်အတွင်း စွန့်လွှတ်မြေများပြန်လည်ပေးအပ်ပွဲအခမ်းအနားကို စက်တင်ဘာ ၂ ရက် နံနက် ၁၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က "ကျောင်းကုန်းမြို့နယ် အနေဖြင့် မကျီးပင်ကွင်းအုပ်စု ဒါးကမြစ်ရေတင်စီမံကိန်းကို ၂၀၀၄ ခုနှစ်မှာ စတင်ဆောင်ရွက်ခဲ့ပြီး၊ လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်း မရှိတော့သည့် အတွက် အသုံးပြုဧရိယာ ၃၈၇ ဒသမ ၇၅ ဧက အနက် ၂၀၁၂ ခုနှစ်မှာ Borrow ကျင်းမြေနေရာ ၁၇၅ ဒသမ ၁၇ ဧကကို ကျေးရွာ ၅ ခုမှာရှိတဲ့ တောင်သူ ၉၈ ဦးကို လည်းကောင်း၊ ၂၀၁၈ ခုနှစ်တွင် လယ်မြေ ၈၄ ဒသမ ၀၇ ဧကကို တောင်သူ ၄၆ ဦးကိုလည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် လယ်မြေ ၈၆ ဒသမ ၅၀ ဧကကို တောင်သူ ၄၇ ဦးကို ပေးအပ်ခဲ့ပြီး စုစုပေါင်း လယ်မြေ ၃၄၅ ဒသမ ၄၇ ဧကကို တောင်သူ ၃၂၇ ဦးလက်ဝယ်သို့ ပုံစံ(၇)များ ထုတ်ပေးပြီးဖြစ်ကြောင်း၊ ကျန်ရှိတဲ့ တာပေါင်များ ကိုလည်း ယခုဘဏ္ဍာနှစ် ၂၀၁၉-၂၀၂၀ မှာ ဆက်လက်ဖျက်သိမ်းမြေညှိပြီးသည့် လယ်မြေ ၄၂ ဒသမ ၀၁ ဧက ကို မူလတောင်သူ ၃၉ ဦး လက်ဝယ်သို့ စက်တင်ဘာ ၂ ရက်တွင် ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၃) ပေးအပ်သွားခြင်း"ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူ များက မူလတောင်သူ ၃၉ ဦးထံ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၃) ပေးအပ်ခဲ့ပြီး၊ တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါက်တာစိုးဝင်း၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် သက်ဆိုင်ရာတိုင်းဒေသကြီးဦးစီးမှူးများ၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)