နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နေပြည်တော်၏ အထင်ကရဈေးများတွင် ဆိုင်ကယ်ခိုးယူခံရမှုများ မကြာခဏဖြစ်ပွားလျက်ရှိ

နေပြည်တော် စက်တင်ဘာ ၂


ပြည်တောင်စု သမ္မတမြန်မာနိုင်ငံတော်ကြီး၏ အုပ်ချုပ်ရေးမြို့တော်ဖြစ်သော ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇဗ္မူသီရိမြို့နယ်ရှိ အထင်ကရဈေးများလည်းဖြစ်ပြီး ဝန်ထမ်းအများစုအားထား ဈေးဝယ်ရာ ဖြစ်သည့် မြို့မဈေးနှင့်သပြေကုန်းဈေးများတွင် ဈေးလာဝယ်သူများ၏ဆိုင်ကယ်များ မကြာခဏ ခိုးယူ ခံနေရခြင်းများ ဖြစ်ပေါ်နေသည့်အတွက် ဆိုင်ကယ်ခိုးယူခံနေရမှုများ လျှော့နည်းပ‌ပျောက်စေရန် ဆောင်ရွက်ပေးစေလိုကြောင်း ဇဗ္မူသီရိမြို့နယ်နေ ဝန်ထမ်းအများစု၏ ပြောစကားများအရ ကြားသိရသည်။ နေပြည်တော် ဇဗ္မူသီရိမြို့နယ်နေ ဝန်ထမ်းများနှင့်အဆိုပါဝန်ထမ်း၏မှီခိုမိသားစုများသည် မြို့မဈေးနှင့် သပြေကုန်းဈေးတွင် စားသောက်ကုန်များကို အားထားဝယ်ယူနေကြရပြီးအများစုမှာ ဆိုင်ကယ်များကိုသာ အသုံးပြု‌ကြကြောင်း ဆိုင်ကယ်များအား ဇက်သော့ခတ်ထားသော်လည်း ပျောက်ဆုံးကြောင်းသိရသည်။

"ကျွန်မဆိုင်ကယ်ကို ဈေးရှေ့မှာ(ဆိုင်ကယ်အများရပ်နားရာ)ရပ်ထားပြီး ဈေးဝင်ဝယ်တာ၊ပြန်ထွက်လာတော့ဆိုင်ကယ် မရှိတော့ဘူး၊ အခိုးခံလိုက်ရတယ်"ဟုမြို့မဈေးရှေ့တွင် ဆိုင်ကယ်အခိုးခံရသူအမျိုးသမီး တစ်ဦးက ပြောသည်။ နေပြည်တော်တွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုဝင်များ အဓိက ဈေးဝယ်နေ ကြရသည့် မြို့မဈေးနှင့်သပြေကုန်းဈေးတို့သည် ကျယ်ဝန်းသည့်အတွက် အခကြေးငွေဖြင့် ဆိုင်ကယ်ရပ်နားသည့် နေရာများထားရှိပေးခြင်းဖြင့် ဈေးလာဝယ်ကြသူများ၏ဆိုင်ကယ်များ ခိုးယူခံရခြင်း များမှ ကင်းဝေးစေမည်ဖြစ်ကြောင်း ဝန်ထမ်းများထံမှ သိရသည်။

"ဈေးတွေမှာ အခကြေးငွေနဲ့ ဆိုင်ကယ်ရပ်နားတဲ့နေရာတွေ ထားရှိထားပေးသင့်တယ်၊  အခကြေးငွေ ပေးပြီး ဆိုင်ကယ်အပ်ချင်သူတွေအပ်၊  မအပ်ချင်သူတွေမအပ်နဲ့ပေါ့၊  ဆိုင်ကယ်အအပ်ခံတဲ့နေရာရှိတော့ ဈေးဝယ် တဲ့အခါ စိတ်အေးလက်အေးဝယ်လို့ရတာပေါ့"ဟု ဘောဂသိဒ္ဓိရပ်ကွက်နေ ဝန်ထမ်းတစ်ဦးက ပြောသည်။ အခကြေးငွေဖြင့် ဆိုင်ကယ်အအပ်ခံသည့် စနစ်ဆောင်ရွက်ထားရှိစေခြင်းဖြင့် ဈေးဝယ်လာကြသူများ၏ ဆိုင်ကယ်များ အခိုးခံပျောက်ဆုံးခြင်းများမှ ကင်းဝေးစေမည်ဖြစ်သော်လည်း အအပ်ခံသည့် ဆိုင်ကယ်များ ပျောက်ဆုံးမှုမရှိစေရေးကိုလည်း တာဝန်ယူစေလိုကြောင်းလည်း ဈေးဝယ်လာကြသူများကပြောသည်။

"အရင်က မြို့မဈေးမှာ အခကြေးငွေနဲ့ ဆိုင်ကယ်အအပ်ခံတာ ရှိခဲ့တယ်၊ဒါပေမယ့် ဆိုင်ကယ်အပ်ခ ပိုက်ဆံသာယူတာ၊ အပ်ထားတဲ့ဆိုင်ကယ်တွေအတွက် လုံခြုံမှုမပေးနိုင်ဘူး၊ငွေပေးပြီး ဆိုင်ကယ်အပ်တာက စိတ်အေးအေးနဲ့ ဈေးဝယ်ချင်လို့လေ၊ အခကြေးငွေယူတဲ့အတွက်အပ်ထားတဲ့ ဆိုင်ကယ်တွေကို မပျောက် အောင် ဂရုစိုက်ပေးသင့်တယ်၊ အခကြေးငွေနဲ့အပ်ထားတဲ့ဆိုင်ကယ်ပျောက်ဆုံးပြီး တာဝန်မယူတာတွေ ရှိခဲ့ဘူးတယ်"ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးကပြောသည်။

နေပြည်တော် ဇဗ္မူသီရိမြို့နယ်ရှိ မြို့မဈေးနှင့်သပြေကုန်းဈေးတို့တွင် ဈေးလာဝယ်ကြသူများ၏ ဆိုင်ကယ်များ မကြာခဏခိုးယူခံပျောက်ဆုံးမှုများ ဖြစ်ပေါ်နေသည့်အတွက် သက်ဆိုင်ရာမှ အစီအမံများ ချမှတ်၍ ခိုးယူခံရမှုများအား တားဆီးကာကွယ်မှုများ ပြုလုပ်ပေးစေလိုကြောင်း ဈေးလာကြသူများ စိတ်အေး ချမ်းသာစွာဖြင့် ဈေးဝယ်ယူနိုင်ရေး ဆောင်ရွက်ပေးစေလိုကြောင်း ‌ဝန်ထမ်းအများစု၏ ပြောစကားများ ကိုလည်း ကြားသိခဲ့ရသည်။ ထို့အပြင် ဝန်ထမ်းများနေထိုင်ရာ ဝန်ထမ်းတိုက်ခန်းများတွင်လည်း မကြာခဏ ဆိုင်ကယ်ခိုးယူခံရမှုများဖြစ်ပေါ်လေ့ရှိကြောင်း၊ ဝန်ထမ်းအများစု နေထိုင်ကြသည့်အတွက် ဝန်ထမ်းအချင်း ချင်း ပြန်လည်ခိုးယူမှုတော့မဖြစ်နိုင်ကြောင်း၊ တိုက်ခန်းနေဝန်ထမ်းများ သတိထားဂရုစိုက်နေသည့်ကြားမှ ဆိုင်ကယ်များ ပျောက်ဆုံးခိုးယူခံနေရကြောင်းလည်း သိရသည်။

             

မင်းရဲမာန်(နေပြည်တော်)






အခြားဆက်စပ်သတင်းများ