နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် မှုခင်းများလျော့နည်းကျဆင်းရေးအတွက် တပ်ဆင်ပေးထားပြီး အသုံးပြုမရတော့သည့် CCTV Camera များကို ပြန်လည်ပြင်ဆင်ဆောင်ရွက်ပေးသွားမည်

ရန်ကုန်၊  စက်တင်ဘာ  ၂


ရန်ကုန်တိုင်းဒေသကြီးအတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် မှုခင်းများ လျော့နည်းကျဆင်းရေးအတွက် တပ်ဆင်ပေးထားပြီး အသုံးပြုမရတော့သည့် CCTV Camera များကို ပြန်လည် ပြင်ဆင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စက်တင်ဘာ ၁ ရက် သတင်းများအရ သိရသည်။ 

CCTV Camera များသည် မှုခင်းများဖော်ထုတ်ဆောင်ရွက်ရာတွင် အထောက်အကူများစွာရရှိစေသည့်အပြင် ယာဉ်တိုက်မှုဖြစ်ပွားရာတွင်လည်း တိကျမှန်ကန်သော သက်သေအထောက်အထားများရရှိစေသဖြင့် ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ (ကိုကိုးကျွန်းမြို့နယ်မပါ) မြို့နယ် ၄၄ မြို့နယ်တွင် ၂၀၁၇-၂၀၁၈ မှစတင်ကာ CCTV Camera များ တပ်ဆင်ဆောင်ရွက်ပေးခဲ့သည်။ ထိုသို့ CCTV Camera များ တပ်ဆင်ဆောင်ရွက်ပေး နိုင်ရေးအတွက် ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် ငွေကျပ် သိန်း ၁၀ဝ၊ ၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် ငွေကျပ် သိန်း ၅၀ ၊ ၂၀၁၈ ခုနှစ် မေလတွင် ငွေကျပ် သိန်း ၅၀ ၊ အသုံးပြုဆောင်ရွက်ခဲ့ပြီး ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး အထွေထွေပိုလျှံရန်ပုံငွေခွင့်ပြုငွေကျပ် ၁၀၉၉၈ သိန်းကျော် အသုံးပြုဆောင်ရွက် ခဲ့ရာ လက်ရှိတွင် CCTV Camera ၉၉၈ လုံး တပ်ဆင်ဆောင်ရွက်ပေးခဲ့ပြီဖြစ်သည်။ 

အဆိုပါတပ်ဆင်ဆောင်ရွက်ပေးခဲ့သည့် CCTV Camera များတွင် CCTV Camera  ၅၄၄ လုံးမှာ မိုးရွာသွန်းမှု နှင့် ရာသီဥတုဒဏ်ကြောင့် ပါဝါကြိုးပြတ်ခြင်း၊ ဒေတာကြိုးပြတ်ခြင်း စသည့် ပျက်စီးမှုများဖြစ်လာကာ ယခုအခါ အသုံးပြု၍မရတော့သည့်အခြေအနေများဖြစ်လာခဲ့သည်။ အဆိုပါ CCTV Camera  များသည် ရပ်ရွာအေးချမ်း သာယာရေးနှင့် မော်တော်ယာဉ်များထိန်းသိမ်းဆောင်ရွက်ရာတွင် များစွာ အထောက်အကူဖြစ်စေသဖြင့်            ပြန်လည်ပြင်ဆင်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ 

အဆိုပါ CCTVCamera များ ပြန်လည်ပြင်ဆင်ဆောင်ရွက်ရန်အတွက် ငွေကျပ်သိန်း  ၁၈၀ဝလိုအပ်မည် ဖြစ်သည်။ ထို့ကြောင့် အဆိုပါ CCTVCamera များ ပြန်လည်ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်သည့် ငွေကျပ် သိန်း ၁၈၀ဝ ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ထည့်သွင်းရေးဆွဲဆောင်ရွက် ထားပြီးဖြစ်သဖြင့် အဆိုပါခွင့်ပြုငွေရရှိပါက ကျွမ်းကျင်ပညာရှင်များဖြင့် အမြန်ဆုံး ပြန်လည်ပြုပြင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


(ကိုသာစစ်)






အခြားဆက်စပ်သတင်းများ