နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်ပမှ အထည်အော်ဒါပြတ်လပ်မှုကြောင့် လုပ်သားအင်အား လျှော့ချသည့် ကိစ္စရပ်များပိုဖြစ်လာနိုင်

ရန်ကုန် စက်တင်ဘာ ၂


ပြည်ပနိုင်ငံများမှအထည်အော်ဒါမှာယူမှုပြတ်လပ်ဖွယ်ရှိသဖြင့် စက်တင်ဘာလမှစတင်ကာ ပြည်တွင်း စက်ရုံများလုပ်သားအင်အားလျှော့ချခြင်းနှင့်လစာလျှော့ချသည့်ကိစ္စရပ်များ ပိုဖြစ်လာနိုင်ကြောင်း လက်ဝါးအထည်ချုပ်စက်ရုံ ပိုင်ရှင်ဒေါက်တာ ခင်မောင်အေးက ပြောသည်။

“ ၉ လပိုင်း လဆန်းကို တွေ့ပါလိမ့်မယ်၊ တစ်ရုံပြီး တစ်ရုံ ခေတ္တနားတာနဲ့၊ ပိတ်တာနဲ့ တချို့ စက်ရုံတွေကလည်း ဝန်ထမ်းတွေနဲ့ ဒီလကုန် ညှိနှိုင်းကြမယ်၊ ၁၅ ရက်ပိတ်တာတို့ လစာလျှော့ယူဖို့ စတာတွေ လုပ်လာကြတော့မယ်။ အားလုံးကိုတော့ မဆိုလိုဘူး။ ဒါပေမယ့် အများစုမှာ ဖြစ်နေတယ်” ဟု လက်ဝါးအထည်ချုပ်စက်ရုံပိုင်ရှင် ဒေါက်တာ ခင်မောင်အေးက ပြောသည်။

ပြည်တွင်းရှိအထည်များကို အမေရိကန်နှင့်ယူရိုနိုင်ငံများက အဓိက အော်ဒါမှာယူနေခြင်းဖြစ်ကာအဆိုပါနိုင်ငံများမှာကိုဗစ် ရောဂါကူးစက်မှု လျော့ကျခြင်းမရှိသေးသဖြင့်အထည်အော်ဒါမှာယူမှု ပြတ်လပ်လာဖွယ်ရှိနေပြီး အော်ဒါမှာယူမှုပြတ်လပ်ပါက စက်ရုံများရေရှည်ရပ်တည်ရေးအတွက် လုပ်ငန်းရှင်များနှင့် အလုပ်သမားဆွေးနွေး ညှိနှိုင်းပြီး ဆက်လုပ်ဆောင်သွားမည်ဖြစ်သည်။

လက်ရှိတွင်စက်ရုံများမှာ အလုပ်သမားအင်အားလျှော့ချခြင်း၊ စက်ရုံ၊အလုပ်ရုံအပြီးပိတ်သိမ်းခြင်းအပါအဝင် ယာယီပိတ်သိမ်းခြင်း ၊ လုပ်ခလစာမပေးချေဘဲ ထွက်ပြေးသွားသည့် စက်ရုံစုစုပေါင်း မြန်မာတစ်နိုင်ငံလုံးတွင် ၂၀ဝ ဝန်းကျင်ရှိနေပြီဖြစ်သည်။

“ကျွန်တော်တို့ကို အော်ဒါအပ်မယ့် အမေရိကန်၊ ဥရောပ နိုင်ငံတော်တော်များများက ဆိုးဆိုးရွားရွားခံ နေရသေးတာဖြစ်တဲ့အတွက် ဒီလို အဝတ်အထည်နဲ့ ဖက်ရှင် ဒီဇိုင်း Industry တွေက ဦးမော့လာနိုင်ဖွယ် မရှိသေး ပါဘူး။ မရှိတဲ့အတွက် အော်ဒါတွေက ထင်သလောက်ကြီး ဝင်မလာသေးပါဘူး။ ဒါကြောင့် CMP လက်ခစား အထည်ချုပ်လုပ်ငန်းများရဲ့ အနာဂတ်က သက်ပြင်းချလောက်ရမယ့်အနေအထား စိတ်အေးလက်အေးနေရမယ့် အနေအထားထိ မရောက်သေးပါဘူး။  စိတ်ပူနေရဆဲဖြစ်တယ်”ဟု မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်အမှုဆောင် ဦးထွန်းထွန်းက  ပြောသည်။

ကိုဗစ်ကပ်ရောဂါကာလမှာ ပြည်တွင်းအလုပ်သမား သုံးသိန်းနီးပါးအလုပ်လက်မဲ့ဖြစ်ခဲ့ရပြီး  အလုပ်ပြန်လည်ရရှိမှု နှုန်းမှာ သောင်းဂဏန်းဝန်းကျင်သာရှိခဲ့ကြောင်းသိရသည်။                                     


အောင်မြင့်ဌေး(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ