နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
YBS ယာဉ်များ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲနေသော်လည်း တစ်ဦးချင်းပိုင်ယာဉ်များ ပြေးဆွဲမှု ရပ်နားလျက်ရှိ

ရန်ကုန် ဧပြီ ၂၂ အစိုးရရုံးများ ပြန်လည်ဖွင့်လှစ်ပြီဖြစ်၍ သင်္ကြန်ကာလအစိုးရ ရုံးပိတ်ရက်အတွင်း ရပ်နားထားရှိသော ခရီးသည်တင် YBS ယာဉ်လိုင်းများ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲ နေပြီဖြစ်သော်လည်း အချို့သော တစ်ဦးချင်း အုံနာပိုင်ယာဉ်အချို့မှာ ပြေးဆွဲမှုရပ်နားထားကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA) မှ တာဝန်ရှိသူက ပြောသည်။ ရန်ကုန်မြို့အတွင်း ခရီးသည်တင် YBS ယာဉ်လိုင်း (၄၈) လိုင်းမှ မော်တော်ယာဉ်စီးရေ ၃၇၄ စီးဖြင့် ခရီးသည် ၁၈,၂၇၀ ဦးအား ပို့ဆောင်ပေးခဲ့ရာ ဧပြီ ၂၀ ရက်၊ အစိုးရရုံးဖွင့်ရက်တွင် YBS ယာဉ်လိုင်းကုမ္ပဏီ အများစုမှာ ပုံမှန်အတိုင်း ပြေးဆွဲပေးနေပြီး YBS စီးနင်းသည့် ခရီးသည်နည်းပါးသေး၍ တစ်ဦးချင်း ပုဂ္ဂလိက ယာဉ်လိုင်းများမှာ ပြေးဆွဲမှု ရပ်ဆိုင်းထားကြောင်း သိရသည်။ လက်ရှိတွင် Covid- 19 ကပ်ရောဂါကာကွယ်တားဆီးနိုင်ရေးအတွက် YBS ယာဉ်စီးနင်းသည့် ခရီးသွားပြည်သူများ MASK တပ်ဆင်ကြရန်နှင့် ယာဉ်ပေါ်တွင် သတ်မှတ်အကွာအဝေးအတိုင်း တက်ရောက်စီးနင်းပေးကြရန် YBS ကားများတွင် ကြေညာစာများကပ်၍ အသိပေးနှိုးဆော်ထားသော်လည်း အချို့သော ခရီးသည်များမှာ Mask များ တပ်ဆင်၍ စီးနင်းမှု မရှိသေးသည်ကို တွေ့ရကြောင်း YBS ခရီးသွားအချို့ထံမှ သိရသည်။ '' mask မတပ်ဘဲ တက်လာတဲ့ ခရီးသည်တချို့ကိုလည်း ဒီတိုင်း တက်ခွင့်ပေးတာပဲ။ဘာမှ မပြောဘူး။ထိုင်ခုံတွေက တစ်ယောက်တစ်ခုံမဟုတ်ဘူး ။ ဘေးချင်းယှဉ်ကပ်ထိုင်ရတာပါပဲ။ အလုပ်ကလည်း မဖြစ်မနေ ဆင်းရတော့ YBS စီးရင်း ငါ့ဆီများ ရောဂါပိုးကူးလာရင် ဆိုပြီး ခဏ ခဏ တွေးမိနေတော့တာပါပဲ '' ဟု ထောက်ကြန့်မြို့နယ်နေ အစိုးရဝန်ထမ်း ခရီးသွားတစ်ဦးက ပြောသည်။ လက်ရှိရန်ကုန်မြို့ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းတွင် YBS ယာဉ်လိုင်း ၁၀၁လိုင်းအထိ ယာဉ်လမ်းကြောင်း ၁၂၄ ကြောင်းဖြင့် တစ်နေ့ယာဉ်အစီးရေ ၄၃၀ဝ ကျော်ပြေးဆွဲလျက်ရှိသည်။COVID-19 ကြောင့် YBS ခရီးသည်တင်ယာဉ်များစီးနင်းသည့် ခရီးသည်သိသာစွာလျော့ကျလာပြီး ပုဂ္ဂလိကယာဉ်လိုင်းများမှာ ယာဉ်လိုင်းပြေးဆွဲမှု ရပ်ဆိုင်းသည်အထိဖြစ်လာ၍ သယ်ယူပို့ဆောင်ရေးကြီးကြပ်မှူ အာဏာပိုင်အဖွဲ့(YRTA)က ယာဉ်တစ်စီးထွက်ခွာလျှင်ရန်ပုံငွေအဖြစ် ကောက်ခံနေသည့် ၄၀ဝဝ ကျပ်အား မတ်လ ၂၇ ရက်မှစ၍ ဧပြီ ၃၀ ရက်အထိ ကင်းလွတ်ခွင့်ပြုထားသည်။ မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ