စက်တင်ဘာ ၂၊ ဝါရှင်တန်
ရဲအရာရှိက လူမည်းအမျိုးသားတစ်ဦးကို ပစ်ခတ်ခဲ့ခြင်းကြောင့် လူထုအုံကြွမှု ဖြစ်ပွားခဲ့ပြီးနောက် တရားဥပဒေစိုးမိုးရေး အရာရှိများကို အားပေးထောက်ခံရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဝစ်ကိုဆင်ပြည်နယ်၊ ကီနိုရှာမြို့သို့ သွားရောက်ကြည့်ရှုခဲ့သည်။ ဝစ်ကိုဆင်မြို့တွင် ဖြစ်ပွားခဲ့သည့် ထိခိုက်ပျက် စီးမှုများနှင့်ပတ်သက်၍ ဒေါ်နယ်ထရမ့်က ပြည်တွင်းအကြမ်းဖက်သမားများကို အပြစ်တင်ဝေဖန်ခဲ့သည်။ သြဂုတ်လ ၂၃ ရက်တွင် လူဖြူရဲအရာရှိ၏ ပစ်ခတ်မှုကြောင့် လူမည်းအမျိုးသား ဂျေကော့ဘလိတ် အကြောသေခဲ့ပြီးနောက် ကီနိုရှာမြို့တွင် ဆူပူအုံကြွမှုများ ရက်ပေါင်းများစွာကြာ ဖြစ်ပွားခဲ့သည်။
ဆူပူအုံကြွမှုတွင် မီးလောင်ပြာကျခဲ့သည့် ပရိဘောဂစတိုးဆိုင်အပါအဝင် ထိခိုက်ပျက်စီးခဲ့သည့် နေရာများသို့ ဒေါ်နယ်ထရမ့်က သွားရောက်ကြည့်ရှုခဲ့သည်။ '' ဒါက ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြတဲ့ လုပ်ရပ်မျိုးမဟုတ်ဘူး။ ပြည်တွင်းအကြမ်းဖက်မှုပဲ''ဟု ဒေသခံစီးပွားရေးခေါင်းဆောင်များကို ဒေါ်နယ်ထရမ့် က ပြောခဲ့သည်။ ဒေါ်နယ်ထရမ့်က အမေရိကန်ရဲတပ်ဖွဲ့၏ လုပ်ရပ်များကို ကာကွယ်သွားခဲ့ပြီး မီဒီယာများက ရဲအရာရှိများ၏ သတင်းဆိုးများကိုသာ အဓိထားဖော်ပြနေသည်ဟု စွပ်စွဲခဲ့သည်။ သို့သော် ရဲတပ်ဖွဲ့နှင့် တွန်းထိုးတိုက်ခိုက်မှုများတွင် ဒဏ်ရာရခဲ့သူများအတွက် နာကျင်ခံစားရသည်ဟု ဒေါ်နယ်ထရမ့်က ဆိုသည်။
သဘောထားအမြင်ကောက်ခံမှုများအရ သမ္မတဒေါ်နယ်ထရမ့်မှာ လာမည့်နိုဝင်ဘာလတွင် ကျင်းပမည့် သမ္မတရွေးကောက်ပွဲမတိုင်မီ ဒီမိုကရက်တစ်ပြိုင်ဘက် ဂျိုးဘိုင်ဒင်၏ အသာရမှုကို လျှော့ချနိုင်လာကြောင်း တွေ့ရသည်။ ဒေါ်နယ်ထရမ့်မှာ လူမျိုးရေးစိတ်ဝမ်းကွဲမှုများဖြစ်အောင် လုပ်နေသည်ဟု ဂျိုးဘိုင်ဒင်က ဆိုသည်။
Ref:BBC(KNT)