စက်တင်ဘာ ၂၊ ဘေဂျင်း
တရုတ်နိုင်ငံမှာ လာမည့်ဆယ်စုနှစ်အတွင်း ယင်းတို့လက်နက်များတွင် တပ်ဆင်မည့် နျူကလီးယားထိပ်ဖူး အရေအတွက်ကို အနည်းဆုံး ၂ ဆ မြှင့်တင်ရန် ကြိုးစားနေသည်ဟု ပင်တဂွန်စစ်ဌာနချုပ်၏ အစီရင်ခံစာသစ်တွင် ဖော်ပြထားသည်။ တရုတ်စစ်တပ်မှာ အဓိကကျသည့် ကဏ္ဍများတွင် အမေရိကန်စစ်တပ်နှင့် တန်းတူ သို့မဟုတ် သာလွန်သည့်အနေအထားရှိနေပြီဟု ဆိုသည်။
တရုတ်စစ်တပ်မှာ သင်္ဘောတည်ဆောက်ရေး၊ ပဲ့ထိန်းဒုံးကျည်နှင့် ခရုဇ်ဒုံးကျည် ဖွံ့ဖြိုးတိုးတက်ရေး၊ လေကြောင်းကာကွယ်ရေးစနစ်များကို စုပေါင်းမှု စသည့် ကဏ္ဍများတွင် သိသိသာသာ အားကောင်းနေသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ တောင်တရုတ်ပင်လယ်တွင် တရုတ်စစ်တပ်၏ လှုပ်ရှားမှု၊ အမေရိကန်နိုင်ငံက တရုတ်(တိုင်ပေ)ကို အားပေးထောက်ခံမှု စသည့်ကိစ္စရပ်များအပါအဝင် အကြောင်းအရာ တော်တော်များများနှင့်ပတ်သက်၍ အမေရိကန်နှင့်တရုတ်နိုင်ငံကြား တင်းမာမှု မြင့်တက်နေချိန်တွင် တရုတ်စစ်တပ်၏ စွမ်းဆောင်ရည်ကို အသေးစိတ်ဖော်ပြသည့် အစီရင်ခံစာ ထွက်ပေါ်လာခြင်းဖြစ်သည်။
''လက်ရှိအချိန်မှာ တရုတ်နိုင်ငံရဲ့ နျူကလီးယားထိပ်ဖူးက ၂၀၀ အောက်ပဲ ရှိပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံက သူတို့ရဲ့နျူကလီးယားအင်အားစုကို ခေတ်မီအောင် တိုးချဲ့မှုတွေ လုပ်နေလို့ လာမယ့် ဆယ်စုနှစ်မှာ သူတို့ရဲ့ နျူကလီးယားထိပ်ဖူးပမာဏက အနည်းဆုံး ၂ ဆလောက်အထိ မြင့်တက်လာဖို့ ရှိပါတယ်''ဟု ဖော်ပြထားသည်။ အမေရိကန်နိုင်ငံကို ခြိမ်းခြောက်နိုင်စွမ်းရှိသည့် မြေပြင်အခြေစိုက် တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်၏ ထိပ်ဖူးပမာဏမှာလည်း လာမည့် ၅ နှစ်အတွင်း ၂၀၀ လောက်အထိ များပြားလာဖွယ် ရှိနေသည်ဟု ဆိုသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့က ရုရှားနိုင်ငံနှင့် နျူကလီးယားလက်နက် ထိန်းချုပ်ရေး ဆွေးနွေးပွဲတွင် တရုတ်နိုင်ငံကို ပါဝင်လာစေရန် လိုလားခဲ့သော်လည်း တရုတ်နိုင်ငံက ငြင်းဆန်ခဲ့သည်။ တရုတ်နိုင်ငံ၏ နျူကလီးယားထိပ်ဖူးပမာဏ တဟုန်ထိုးမြင့်တက်လာသော်လည်း နျူကလီးယားလက်နက် စုစုပေါင်းအရေအတွက်အရ အမေရိကန်၊ ရုရှားနိုင်ငံများနှင့်ယှဉ်ပါက နည်းနေသည်။ New START သဘောတူစာချုပ်အရ အမေရိကန်နှင့် ရုရှားတို့မှာ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်များတွင် တပ်ဆင်မည့် နျူကလီးယားထိပ်ဖူးပမာဏ ၁၅၅၀ အထိသာ ထားရှိရမည်ဟု ကန့်သတ်ထားသည်။
Ref:BBC(KNT)