စက်တင်ဘာ ၂၊ နယူးဒေလီ
ပိုင်ဆိုင်မှုအငြင်းပွားနေသည့် ဟိမဝန္တာနယ်စပ်တွင် တရုတ်စစ်သည်များနှင့် တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းကြောင့် အိန္ဒိယအထူးတပ်ဖွဲ့မှ တိဗက်ဒေသခံ စစ်သည်တစ်ဦး သေဆုံးခဲ့ကြောင်း တိဗက်ဒေသ၏ လွှတ်တော်ကိုယ်စားလှယ်က ပြောသည်။ နယ်စပ်အရေးနှင့်ပတ်သက်၍ ပြီးခဲ့သည့် ၄၈ နာရီအတွင်း တိုက်ခိုက်မှု ၂ ကြိမ် ဖြစ်ပွားခဲ့ပြီးနောက် အိန္ဒိယအထူးတပ်ဖွဲ့ဝင် သေဆုံးသည့်သတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။
အနည်းဆုံး အိန္ဒိယစစ်သည် ၂၀ ဦး သေဆုံးခဲ့သည့် တိုက်ခိုက်မှုအပြီး ၂ လအကြာတွင် နယ်စပ်ပိုင်ဆိုင်မှု ပြဿနာကြောင့် အာရှအင်အားကြီး နိုင်ငံ နှစ်နိုင်ငံကြား တင်းမာမှုများ မြင့်တက်လာခြင်းဖြစ်သည်။တရုတ်နှင့် အိန္ဒိယနိုင်ငံတို့မှာ ၁၉၆၂ ခုနှစ်က နယ်စပ်စစ်ပွဲ တိုက်ခိုက်ခဲ့ဖူးသည်။ ပြီးခဲ့သည့်စနေနေ့ညနှင့် တနင်္လာနေ့တွင် ပိုင်နက်နယ်မြေ ရရှိရေးအတွက် လာဒက်ဒေသ ရှေ့တန်းနေရာကို ကျော်ဖြတ်ရန် ကြိုးပမ်းခဲ့သည်ဟု နှစ်နိုင်ငံလုံးက အပြန်အလှန် စွပ်စွဲထားသည်။ တရုတ်နှင့် အိန္ဒိယနိုင်ငံ နှစ်နိုင်ငံလုံးက တိုက်ခိုက်မှုများကြောင့် လူသေဆုံးခဲ့သည်ဟု ကြေညာခဲ့ခြင်းမရှိပေ။
သို့သော် ပြီးခဲ့သည့်စနေနေ့ညက ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် တိဗက်ဒေသခံ စစ်သည်တစ်ဦး သေဆုံးခဲ့သည်ဟု တိဗက်လွှတ်တော်အမတ်တစ်ဦးက ပြောသည်။ တရုတ်နှင့် အိန္ဒိယတပ်ဖွဲ့များမှာ ဇွန်လ ၁၅ ရက်က လက်တစ်ကမ်းတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အဆိုပါဒေသသို့ စစ်သည်သောင်းချီ စေလွှတ်ထားသည်။
Ref:BBC(KNT)