နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အငှားယာဉ်အဖြစ် မှတ်ပုံတင်ထားခြင်းမရှိသည့် ကြားကားများကို ပိုမိုထိရောက်သော ဥပဒေများနှင့်ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်

ရန်ကုန်  စက်တင်ဘာ ၂


အငှားယာဉ်အဖြစ် မှတ်ပုံတင်ထားခြင်းမရှိသည့်ကြားကားများကို သုံးသောင်းထက်မပိုသောဒဏ်ငွေဖြင့် သာ ချမှတ်အရေးယူဆောင်ရွက်နေသဖြင့် ယခုထက်ပိုမိုထိရောက်သော ဥပဒေများနှင့်ဆောင်ရွက်ရန် စီစဉ် ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဩဂုတ် ၃၁ ရက်ထုတ်ပြန်သတင်းများအရ သိရ သည်။

ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ YBS ယာဉ်လိုင်းများပြေးဆွဲနေသော လမ်းကြောင်းများအတွင်း တွင် ညပိုင်းအချိန်ကာလတွင်သာမကဘဲ နေ့ပိုင်းအချိန်ကာလများတွင်ပါ ကြားကားများပြေးဆွဲ ဆောင်ရွက် မှုများရှိနေသည်။ ရန်ကုန်မြို့တိုင်းဒေသကြီးအတွင်း အများပြည်သူသယ်ယူပို့ဆောင်ရေး အခန်းကဏ္ဍတွင် ပိုမိုကောင်းမွန်သော အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်တစ်ရပ်ထူထောင်ရန် YBS စနစ်ကို ပြေးဆွဲဆောင် ရွက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ YBS စနစ်နှင့် စတင်ပြေးဆွဲလာသည့်အချိန်တွင် အများပြည်သူသွားလာမှုလိုအပ်ချက်အရ နံပါတ်ဖြင့် ပြေးဆွဲသည့်ခရီးသည်တင်မော်တော်ယာဉ်လိုင်းပေါင်း (၁၀၂) လိုင်းနှင့် Shuttle Bus လိုင်းများကို ပြေးဆွဲပေးခဲ့သည်။ သို့သော် ရန်ကုန်တိုင်းဒေသကြီးအတွင်း အချို့သောမြို့နယ်များတွင် တရားမဝင်ကြားကားများပြေးဆွဲ၍ ခရီးသည်များကို သယ်ယူပို့ဆောင်ပေးနေမှုများလည်း ရှိလာခဲ့သည်။ 

 အဆိုပါတရားမဝင်ကြားကားပြေးဆွဲနေမှုများကို အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ (ရန်ကုန်)၏ ကွပ်ကဲမှု အောက်ရှိ အမှတ် (၆/၇/၈/၉) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲများက အစဉ်တစ်စိုက်အရေးယူလျက်ရှိသည်။ အဆိုပါ အရေးယူဆောင်ရွက်မှုများအရ ၂၀၁၈ ခုနှစ်တွင် ကြားကားစီးရေ(၁၅၄)စီးနှင့် ၂၀၁၉ ခုနှစ်တွင်လည်း ကြားကားစီးရေ(၁၄၈)စီးကို ဖမ်းဆီးအရေးယူဆောင်ရွက်နိုင်ခဲ့သည်။ သို့သော် စည်းကမ်းဖောက်ဖျက်နေပြီး အငှားယာဉ်အဖြစ် မှတ်ပုံတင်ထားခြင်းမရှိသည့်ကြားကားများကို ၂၀၁၅ ခုနှစ် မော်တော်ယာဉ်ဥပဒေပုဒ်မ ၆၅ အရ (သုံးသောင်းထက် မပိုသော)ဒဏ်ငွေဖြင့်သာ ချမှတ်အရေးယူဆောင်ရွက်ခဲ့ရသည်။ ထို့ကြောင့် အဆိုပါတရားမဝင်ကြားကားများမှာ ရပ်တန့်သွားခဲ့ခြင်းမရှိဘဲ ဆက်လက်လုပ်ကိုင်ဆောင်ရွက်နေသဖြင့် ယခုထက်ပိုမိုထိရောက်သောဥပဒေများနှင့် ဆက်လက်ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်သည်။ ထို့အပြင် ယာဉ်ထိန်းရဲတပ်ဖွဲ့အနေနှင့်လည်း အဆိုပါစည်းကမ်းဖောက်ဖျက်သည့် ကြားကားများကို ဆက်လက် စောင့်ကြည့်အရေးယူဆောင်ရွက်နေကြောင်း သိရသည်။                                                        

ကိုသစ္စာလှိုင်






အခြားဆက်စပ်သတင်းများ